“စစ်တိုက်နေမှ အသက်ရင်းရတာမဟုတ်ဘဲ ထောင်ကျနေတာကလည်း အသက်ရင်းနေရသလိုပါပဲ”
“စစ်တိုက်နေမှ အသက်ရင်းရတာမဟုတ်ဘဲ ထောင်ကျနေတာကလည်း အသက်ရင်းနေရသလိုပါပဲ”
▪️တနင်္သာရီက ထောင်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ပြောပြလာတဲ့ နိုင်ကျဉ်းမိသားစုဝင်တွေနဲ့ အင်တာဗျူး
အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံထဲက အကျဥ်းထောင်တွေရဲ့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတွေက တနေ့တခြား ပိုမိုဆိုးရွားလာနေတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်အသိပေးနေကြသလို သတင်းမီဒီယာတွေကနေလည်း ဖော်ပြနေကြပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းထဲက အကျဉ်းထောင် တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတွေက လက်ရှိမှာ ဘယ်လို ရှိနေလဲဆိုတာ သိဖို့အရေးကြီးလာပါတယ်။
တိုင်းအတွင်းမှာက ထားဝယ်၊ မြိတ်နဲ့ ကော့သောင်း စတဲ့ ဒီမြို့သုံးခုမှာ အကျဉ်းထောင်တွေ ရှိတာပါ။ ဒီထောင်တွေမှာ အကျဉ်းချခံထားရသူတွေ အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လိုရနေလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာကို သိနိုင်ဖို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းပြီး တနင်္သာရီတိုင်းမ်ရဲ့ “တောင်ပိုင်းသားတို့ အသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ထားဝယ်ထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ နိုင်ကျဉ်းတစ်ဦးရဲ့ မိသားစုဝင်
မေး – မိသားစုဝင် အကျဥ်းသားက အကျဥ်းချခံထားရတာကြာပြီလား။ ထောင်ဒဏ်ဘယ်နှနှစ်ကျခံနေရလဲ။
ဖြေ – အကျဉ်းချခံထားရတာကတော့ အခုဆို ၃ နှစ်ရှိပြီ။
မေး – အကျဥ်းထောင်ထဲမှာ မိသားစုဝင်ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေလဲ သိရလား။ကျန်းမာရေးအခြေအနေကို သိရဖို့အတွက်ရော အခက်အခဲရှိလား။
ဖြေ – သူ့ရဲ့ကျန်းမာရေးအခြေနေကတော့ သူကအဆုတ်သိပ်မကောင်းဘူး။ အေးလွန်းရင်လည်းဆင်မပြေသလို၊ ပူလွန်းရင်လည်း အဆင်မပြေပြန်ဘူး။ ဆရာဝန်နဲ့ ကောင်းကောင်းပြဖို့လိုတယ်။ ကျန်းမာရေးအခြေအနေကို သိရဖို့ အခက်ခဲတော့ မရှိပါဘူး။ တစ်လတစ်ခါတွေ့ရင် သိရပါတယ်။
မေး – ကိုယ့်ရဲ့ အကျဥ်းသားမိသားစုဝင်နဲ့ တခြားအကျဥ်းသားတွေ ထောင်ထဲမှာ ဘယ်လိုရောဂါတွေ အမြဲဖြစ်လေ့ရှိလဲ။ သူတို့ဘယ်လိုဆေးဝါးတွေကို အများအားဖြင့် လိုအပ်ကြလဲ။
ဖြေ – သူကတော့ အဆုတ်မကောင်းတော့ ချောင်းခဏခဏဆိုးတယ်။ ပြီးတော့ ယားနာတွေ ခဏခဏဖြစ်တယ်။ ပြီးရင် ရာသီတုပ်ကွေးဖျားနာတာ ခဏခဏဖြစ်တယ်။ အဖြစ်များဆုံးကတော့ ယားနာနဲ့ ရာသီတုပ်ကွေးပါ။ ဒီရောဂါတွေနဲ့ ပတ်သက်ပြီးဆေးဝါးတွေ အရမ်းလိုအပ်ပါတယ်။
မေး – ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ – ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုကတော့ အားရစရာမရှိပါဘူး။ ဆေးဝါးလည်းမပြည့်စုံ ဆရာဝန်အတည်တကျလည်းမရှိ။ ဆေးပေးခန်းဆိုတာလည်း နာမည်ပဲ။ ဆေးပေးခန်းမှာ ဘာမှမရှိတော့ အားမရပါဘူး။
မေး – အကျဉ်းကျနေသူတွေလိုအပ်နေတဲ့ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို အကျဥ်းထောင်က ဘယ်လိုတာဝန်ယူ လုပ်ဆောင်ပေးနေသလဲ။ ရေရှည်စွဲသောက်ရတဲ့ ဆေးဝါးတွေကိုရော အကျဥ်းထောင်က ဘယ်လိုဖြေရှင်းပေးနေလဲ။
ဖြေ – အကျဉ်းသားတွေ လိုအပ်နေတဲ့ဆေးဝါးကတော့ အိမ်ကနေမှာရင် ဝယ်ပေးရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ကျန်းမာရေးဌာနက တစ်ပတ်တစ်ခါဝင်တယ်လို့တော့ သိရပါတယ်။ ရေရှည်စွဲသောက်နေရတဲ့ဆေးဝါးတွေကလည်း မိသားစုကနေ ဝယ်ပို့ပေးနေရတာပါပဲ။ သူတို့အကျဉ်းထောင်က ကိုက်ခဲပျောက်ဆေးတောင် နပ်မမှန်ပါဘူး။
မေး – အခုလက်ရှိ အကျဥ်းထောင်တွေမှာ အကျဉ်းကျနေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာနဲ့ ပတ်သက်လို့ ဘာတွေ စိုးရိမ်နေလဲ။
ဖြေ – အခုလက်ရှိကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ စောင့်ရှောက်မှုတွေကတော့ အားမရဘူး။ အရမ်းစိုးရိမ်ရပါတယ်။ သူတို့က အသည်းအသန်ဖြစ်ပြီဆိုမှ ဆေးရုံပို့ဖို့လုပ်ကြတာ။ အနာကြီးမှ ဆေးရုံထွက်ခွင့်ရတာ။ ခွဲစိတ်တဲ့အနာမျိုးနဲ့ အရေးပေါ်ဖြစ်တာတွေပဲ ဆေးရုံထွက်ခွင့်ရတာ။ ဒါတောင် အချိန်အတော်ယူရပါတယ်။ တချို့ဆို အသက်ပါဆုံးရှုံးတာရှိတယ်။
မေး- ထောင်အာဏာပိုင်တွေ ဆေးကုသဖို့ လွယ်လွယ်ခွင့်ပြုလား၊ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ – ထောင်အာဏာပိုင်တွေကတော့ ခွင့်တော့ပြုပါတယ်။ ဒါပေမဲ့ လွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။ အနာအရမ်းကြီးမှ ဆေးရုံပို့ကုပေးတာမျိုးကျတော့ ဆင်မပြေဘူးလေ။ နည်းနည်းဖြစ်နေကတည်းက ဆေးကုသခွင့်ရမယ်ဆို ပိုအဆင်ပြေတာပေါ့။
မေး – ဆေးကုသခွင့်ရဖို့ အကျဉ်းထောင်အာဏာပိုင်တွေ ၊ ဝန်ထမ်းတွေ ကို ငွေပေးရတာမျိုးရှိလား။
ဖြေ – ဆေးကုသခွင့်ရဖို့ ထောင်အာဏာပိုင်တွေကို ငွေပေးရတာတော့ မရှိပါဘူး။
မေး – အကျဥ်းထောင်တွေကနေ ကိုယ့်ရဲ့ မိသားစုဝင်အကျဥ်းသားတွေကို ဘယ်လိုကျန်းမာရေး စောက်ရှောက်မှုတွေ ပေးလာဖို့ မျှော်လင့်သလဲ။
ဖြေ – အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်ဝရစေချင်တယ်။ လိုအပ်တဲ့ဆေးဝါး တကိုယ်ရည်သန့်ရှင်းမှုနဲ့ ရေသုံးစွဲခွင့် အပြည့်ဝရစေချင်ပါတယ်။
မေး – တခြားဖြည့်ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ – ထောင်ထဲကအကျဉ်းသားတွေကို လူ့အခွင့်ရေးနဲ့အညီ နေထိုင်စားသောက်ဆေးဝါးကုသခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်လွန်ပေါ့။
မြိတ်အကျဥ်းထောင်က နိုင်ကျဉ်းလူငယ်တစ်ဦးရဲ့ မိခင်
မေး – အဒေါ့်ရဲ့ သားက အကျဥ်းချခံထားရတာကြာပြီလား။ ထောင်ဒဏ်ဘယ်နှနှစ်ချမှတ်ခံရလဲ။
ဖြေ – ၂၀၂၁ (ခု)အာဏာသိမ်းပြီးကတည်းကဖမ်းခံထားရတာ အခုထိပါပဲ။ ထောင်ဒဏ်ကတော့ ၇ နှစ်ပါ။
မေး – အကျဥ်းထောင်ထဲမှာ အဒေါ့်သားရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေလဲ၊ သိရလား။ကျန်းမာရေးအခြေအနေကို သိရဖို့အတွက်ရော အခက်အခဲရှိလား။
ဖြေ – အန်တီတို့ကတော့ တစ်လကိုတစ်ကြိမ် ပုံမှန်ထောင်ဝင်စာသွားတွေ့နေတယ်လေ။ သူတို့ကျန်းမာရေးအခြေအနေကို စိုးရိမ်တော့ ပုံမှန်သွားတွေ့ဖြစ်တယ်။ မြို့ထဲမှာနေတာမျိုးမဟုတ်တော့ တကူးတကတော့ သွားရတာပေါ့။ တချို့ထောင်ဝင်စာမတွေ့နိုင်တဲ့ မိသားစုဝင်တွေဆိုရင်တော့ သိရဖို့အခက်အခဲရှိတယ်။
မေး – ကိုယ့်ရဲ့ အကျဥ်းသားမိသားစုဝင်နဲ့ တခြားအကျဥ်းသားတွေ ထောင်ထဲမှာ ဘယ်လိုရောဂါတွေ အမြဲဖြစ်လေ့ရှိလဲ။ သူတို့ဘယ်လိုဆေးဝါးတွေကို အများအားဖြင့် လိုအပ်ကြလဲ။
ဖြေ – ထောင်ထဲမှာ ယားနာပေါက်တာတွေ၊ ခေါင်းမူးခေါင်းဝေဖြစ်တာတွေ မကြာခဏဖြစ်ပါတယ်။ ပြီးတော့ ဝမ်းလျှောဝမ်းပျက်တာ၊ ဝမ်းချုပ်တာ အဲ့လိုမျိုး ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေလည်း အဖြစ်များတယ်။ အခုတလောဆို ကာလသားရောဂါတွေအဖြစ်များနေတယ်လို့ ထောင်ဝန်ထမ်းတွေဆီက ကြားတယ်။ အထဲက အကျဥ်းသားတွေကတော့ ရောဂါတွေနဲ့ပတ်သက်တဲ့ ဆေးတွေ ပိုပြီးလိုပါတယ်။ ကျမသားက ထောင်ထဲရောက်ပြီးမှ လိပ်ခေါင်းရောဂါခံစားနေရတာပါ။ သူ့အတွက် အဲ့ဒါနဲ့ပတ်သက်တဲ့ဆေးကို ပိုပြီးလိုအပ်ပါတယ်။
မေး – ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ – သူတို့ဘက်ကတော့ ယားနားတို့၊ ခေါင်းမူးခေါင်းကိုက်၊ ဗိုက်အောက်တာတွေအတွက် ဆေးတွေကတော့ ပေးတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ဆေးတွေက အဆင်မပြေဘူးလို့ သားကပြောတယ်။ အဲ့တော့ အန်တီတို့ကပဲ အပြင်က ဆေးထပ်ဝယ်ပို့ရတယ်။ ပြီးတော့ ဆေးကထုတ်ချင်တိုင်း ထုတ်လို့မရဘူး ပြောတယ်။ စနေနေ့လိုမျိုး သွားပြောထားရင် ဗုဒ္ဓဟူးလောက်မှ ဆေးကရောက်တယ်လို့ သိရတယ်။ ထုတ်ပေးပေမဲ့ ရက်တော့ ကြာတာပေါ့။
မေး – အကျဉ်းကျနေသူတွေလိုအပ်နေတဲ့ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို အကျဥ်းထောင်က ဘယ်လိုတာဝန်ယူ လုပ်ဆောင်ပေးနေသလဲ။ ရေရှည်စွဲသောက်ရတဲ့ ဆေးဝါးတွေကိုရော အကျဥ်းထောင်က ဘယ်လိုဖြေရှင်းပေးနေလဲ။
ဖြေ – သားအတွက် လိပ်ခေါင်းနဲ့ပတ်သက်လို့ကတော့ သူက ဆေးစာအညွှန်းထုတ်ပေးတယ်။ ဆေးဝယ်ပို့လို့ရအောင်ပေါ့။ ဒါပေမဲ့ သူတို့ရေးပေးတဲ့ ဆေးကမသက်သာလို့ ကိုယ့်ဘာသာအပြင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသီးသန့်ထပ်ဝယ်ပို့ရတယ်။ အခုလိုမျိုး ဆေးစာထုတ်ပေးတာကလွဲလို့ ကျန်တာမရှိဘူး။ လုံးဝအရေးပေါ်နေမကောင်းဖြစ်တဲ့ အကျဥ်းသားတွေကိုတော့ အရေးပေါ်ကားတွေခေါ်ပြီး ဆေးရုံကြီး ပို့ပေးတာမျိုးရှိတယ်။ ရေရှည်စွဲသောက်ရတဲ့ဆေးဝါးနဲ့ ပတ်သက်လို့ကတော့ ဘာမှတာဝန်ယူပြီး ပေးတာမျိုးမရှိပါဘူး။
မေး – အခုလက်ရှိ အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာနဲ့ ပတ်သက်လို့ ဘာတွေ စိုးရိမ်နေလဲ။
ဖြေ – ဆေးစာမထုတ်ပေးရင် ဆေးတရားဝင်ပို့လို့မရဘူးလေ။ သူတို့ထုတ်ပေးတဲ့ ဆေးစာက ဆေးအတိုင်းပို့ရင်လည်း ထိရောက်မှုမရှိ…။ ပေးတဲ့ဆေးတွေကလည်း ထိရောက်မှုမရှိဘူး။ ရောဂါကြီးကြီးမားမားဆို ဘာမှစောင့်ရှောက်ပေးနိုင်တာမျိုး မရှိဘူး။ အန်တီကတော့ သားကျန်းမာရေးအတွက် အမြဲစိုးရိမ်နေရတာပဲ။ အန်တီတို့ကလည်း နယ်ဝေးကဆိုတော့ ပိုပြီးတော့ စိုးရိမ်ရတာတွေများတာပေါ့ကွယ်။
မေး- ထောင်အာဏာပိုင်တွေ ဆေးကုသဖို့ လွယ်လွယ်ခွင့်ပြုလား၊ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ – ကျမတို့က သားရဲ့ လိင်ခေါင်းရောဂါကို ခွဲစိတ်ကုသခွင့်ပြုဖို့ နှစ်ကြိမ်တောင်းဆိုဖူးပါတယ်။ ဒါပေမဲ့ သူတို့က ဘာပြောလဲဆိုတော့ အဲ့လိုခွဲစိတ်ကုသမယ်ဆိုရင် လုံခြုံရေးလိုက်စောင့်ရမဲ့ ထောင်ဝန်ထမ်းတွေအတွက် စားသောက်နေထိုင်ကုန်ကျစရိတ်ပါ ကိုယ်ကတာဝန်ယူပေးမယ်ဆိုတော့ အန်တီတို့မှာက ကိုယ့်သားတစ်ယောက်ရဲ့ စရိတ်ကိုတောင် မနည်းမနိုင်ရင်ကာရှာပြီးကုရမှာလေ။ အဲ့တော့ ထောင်ဝန်ထမ်းနှစ်ယောက်အတွက်ပါ ကုန်ကျစရိတ်ကို ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဆိုတော့ ဒီလိုမျိုးပဲ သောက်ဆေးပဲပို့ပေးနေရတာပေါ့။ ဆေးဝယ်ပို့ရတာကတော့ တစ်လကို ခုနစ်သောင်းဝန်းကျင်လောက်တော့ ကျပါတယ်။ လိင်ခေါင်းရောဂါဆေးကလည်း ဈေးကြီးတယ်။ အကိုက်အခဲပျောက်ဆေးတွေလည်း ဝယ်ပို့တယ်။ အခုလိုအေးတဲ့ရာသီဆို ပိုဆိုးတာကိုး။
မေး – ဆေးကုသခွင့် ရဖို့ အကျဉ်းထောင်အာဏာပိုင်တွေ ၊ ဝန်ထမ်းတွေ ကို ငွေပေးရတာမျိုးရှိလား။
ဖြေ – အပြင်မှာ ခွဲစိတ်ကုသရင် လုံခြုံရေးလိုက်ရမဲ့ထောင်ဝန်ထမ်းအတွက် ကုန်ကျစရိတ်ခံခိုင်းတာကလွဲရင် သီးသန့်တောင်းတာမျိုးတော့မရှိပါဘူး။
မေး – အကျဥ်းထောင်တွေကနေ ကိုယ့်ရဲ့ မိသားစုဝင်အကျဥ်းသားတွေကို ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးလာဖို့ မျှော်လင့်သလဲ။
ဖြေ – အန်တီကတော့ အန်တီသား ၂၀၂၁ (ခု) ကတည်းကဖြစ်နေတဲ့ လိပ်ခေါင်းရောဂါကို ခွဲစိတ်ဖို့တောင်းဆိုတာကို သူတို့ဘက်ကနေ ထောင်ဝန်ထမ်းရဲ့စရိတ်ကိုပါ ကိုယ်တာဝန်ယူရမယ်ပြောကတည်းက ဘာမှကို မမျှော်လင့်ထားတော့တာပဲ။ အကျဥ်းဦးစီးဘက်က တာဝန်ယူကုသပေးမှာကိုတော့ လုံးဝကို မမျှော်လင့်တော့ဘူး။
မေး – တခြားဖြည့်ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ – သားလေး လွတ်ငြိမ်းနဲ့ဖြစ်ဖြစ်၊ လွတ်ရက်စေ့ပြီးပဲဖြစ်ဖြစ် အမြန်လွတ်လာဖို့ အန်တီဆုတောင်းတယ်ကွယ်။ သူလွတ်လာမှပဲ သူ့ရောဂါကို သေချာကုပေးလို့ရမှာလေ။
ကော့သောင်းအကျဥ်းထောင်က နိုင်ကျဥ်းတစ်ဦးရဲ့ မိသားစုဝင်
မေး – မိသားစုဝင် အကျဥ်းသားက အကျဥ်းချခံထားရတာကြာပြီလား။ ထောင်ဒဏ်ဘယ်နှနှစ်ချခံထားရလဲ။
ဖြေ – အခုဆို ၄ နှစ်နီးပါးရှိပါပြီ။ အမိန့်ချထားတာက ၁၀ နှစ်ကျော်ပါ။
မေး – အကျဥ်းထောင်ထဲမှာ မိသားစုဝင်ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေလဲ သိရလား။ ကျန်းမာရေးအခြေအနေကို သိရဖို့အတွက်ရော အခက်အခဲရှိလား။
ဖြေ – ကျန်းမာရေး ကောင်းမွန်ပါတယ်ဆိုတာကို ဧည့်တွေ့ရင်းနဲ့ သိရပါတယ်။
မေး – ကိုယ့်ရဲ့ အကျဥ်းသားမိသားစုဝင်နဲ့ တခြားအကျဥ်းသားတွေ ထောင်ထဲမှာ ဘယ်လိုရောဂါတွေ အမြဲဖြစ်လေ့ရှိလဲ။ သူတို့ဘယ်လိုဆေးဝါးတွေကို အများအားဖြင့် လိုအပ်ကြလဲ။
ဖြေ – ထောင်တွင်းမှာအရေပြားရောဂါဖြစ်တဲ့ ယားနာကိုတောင်မှ ဆေးခန်းပြဖို့ခက်ခဲပါတယ်။ ပြီးတော့ ဆေးဝါးတွေက ထောင်ကပေးတာထက်အပြင်ကနေအကျဥ်းသားတွေ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပြန်ဝယ်ရတာမျိုးပါ။
မေး – ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ – ကော့သောင်းထောင်မှာကတော့ ကျန်းမာရေးစောင့်ရှောက်မှုက လုံးဝမရှိသလောက်ပါပဲ။ အကုန်ကိုယ်တွေပဲ ဝယ်ပို့ရပါတယ်။
မေး – အကျဉ်းကျနေသူတွေလိုအပ်နေတဲ့ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို အကျဥ်းထောင်က ဘယ်လိုတာဝန်ယူ လုပ်ဆောင်ပေးနေသလဲ။ ရေရှည်စွဲသောက်ရတဲ့ ဆေးဝါးတွေကိုရော အကျဥ်းထောင်က ဘယ်လိုဖြေရှင်းပေးနေလဲ။
ဖြေ – ယားနာဆေးတို့ ရေရှည်စွဲသောက်တဲ့ဆေးတွေကိုလည်း အပြင်ကနေပဲ ဝယ်ပို့ရပါတယ်။
မေး – အခုလက်ရှိ အကျဥ်းထောင်တွေမှာ အကျဉ်းကျနေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာနဲ့ ပတ်သက်လို့ ဘာတွေ စိုးရိမ်နေလဲ။
ဖြေ – ထောင်တွင်း ဆေးဝါးတွေကို လုံလောက်အောင်မချပေးတာပါပဲ။ ဆေးဝါးမချပေးတာလား၊ ချပေးတာကို အကျဥ်းသားတွေမရတာလား မသိတော့ပါဘူး။
မေး- ထောင်အာဏာပိုင်တွေ ဆေးကုသဖို့ လွယ်လွယ်ခွင့်ပြုလား၊ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ – သိရသလောက်တော့ လွယ်လွယ်ခွင့်မပြုဘူးလို့ထင်ပါတယ်။ အပြင်ဆေးရုံထွက်ရတာတွေတောင် မရှိသလောက်ရှားပြီး အချိန်မမီလို့သေဆုံးမှုတွေဖြစ်တဲ့အထိပါပဲ။
မေး – ဆေးကုသခွင့်ရဖို့ အကျဉ်းထောင်
အာဏာပိုင်တွေ၊ ဝန်ထမ်းတွေကို ငွေပေးရတာမျိုးရှိလား။
ဖြေ – ဟုတ်။ ထုံးစံအတိုင်း ရိုးရာမပျက်ပေးရပါတယ်။
မေး – အကျဥ်းထောင်တွေကနေ ကိုယ့်ရဲ့ မိသားစုဝင်အကျဥ်းသားတွေကို ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးလာဖို့ မျှော်လင့်သလဲ။
ဖြေ – ဖြစ်စေချင်တာကတော့ စားသောက်ရေးကိုအဆင်ပြေစေချင်တာပါပဲ။ အသားဓာတ်မပြည့်ဝတော့ အကျဥ်းသားတွေက အာဟာရချို့တဲ့ပြီး ဖောယောင်တာတွေ၊ ချိနဲ့တာတွေ ၊ကိုယ်ခံအားမကောင်းတာတွေ ရောဂါတွေကစမ်းသပ်မရတော့ အံကြိတ်ခံရင်းသေဆုံးမှုအများစုတွေ ဖြစ်တဲ့အထိပါပဲ။
မေး – တခြားဖြည့်ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ – စစ်တိုက်နေမှ အသက်ရင်းရတာမဟုတ်ဘဲ ထောင်ကျနေတာကလည်း အသက်ရင်းနေရသလိုပါပဲ။ အဆုံးသတ်အနေနဲ့ နိုင်ငံသားတိုင်း နိုင်ငံကောင်းတစ်ခု ပိုင်ဆိုင်ရစေဖို့မျှော်လင့်ပါတယ်။
The Tanintharyi Times
