သတင်းဆောင်းပါးအဖွင့် ရေးသားခြင်း
သတင်းဆောင်းပါးအဖွင့် ရေးသားခြင်း
အခန်း (၆)
သတင်းဆောင်းပါးရေးသားခြင်းလက်စွဲ
ဆောင်းပါးအဖွင့် (Intro)ဟာ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွင့်ကိုဖတ်ပြီး မကြိုက်ရင် စာဖတ်သူဟာ နောက်တစ်ပုဒ်ကို ချက်ချင်းပြောင်းဖတ်မှာမို့လို့ပါ။ ခုလိုအင်တာနက်နဲ့ လူမှုမီဒီယာခေတ်မှာတော့ သူ့ကိုမဆွဲဆောင်နိုင်ဘူးဆိုရင်စာဖတ်သူက လက်ညှိုးလေးနဲ့ မျက်နှာပြင်ကိုပွတ်ပြီး ကျော်သွားမှာပါ။
ဒါကြောင့်အဖွင့်ဟာ စာဖတ်သူရဲ့အာရုံကို ဆွဲဆောင်နိုင်တဲ့ “ချိတ်” (Hook) ဖြစ်ဖို့ လိုတယ်လို့ ဆိုကြပါတယ်။ ဆောင်းပါးအဖွင့်ပုံစံအချို့ကို နမူနာရွေးချယ်နိုင်ဖို့အတွက် ဖော်ပြလိုက်ပါတယ်။
(၁) ဇာတ်လမ်းတိုအဖွင့် (Anecdotal Intro)
(၂) မြင်ကွင်းအဖွင့် (Scene)
(၃) ပြောပြတဲ့အဖွင့် (Narrative)
(၄) အားကောင်းတဲ့ပြောစကား/ အဆိုအမိန့် (Strong Quote)
(၅) အရေးပါတဲ့အချက်အလက်ကိုပြောပြခြင်း
(Statement of Fact)
(၁) ဇာတ်လမ်းတိုအဖွင့် (Anecdotal Intro)
နမူနာတစ်ခုကို ဖတ်ကြည့်ကြရအောင်ပါ။ဆောင်းပါးကို Seattle Times သတင်းစာကြီးမှာ ဆောင်းပါးရှင် ဂျက်ဖ်ဟော့ဒ်ဆန် (Jeff Hodson) က ရေးသားခဲ့တာဖြစ်ပါတယ်။
အင်အားပြင်းတဲ့ငလျင်တစ်ခုဟာ ၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က အိန္ဒိယသမုဒ္ဒရာ အတွင်းမှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီလှိုင်းလုံးတွေက အရှေ့တောင်အာရှက ထိုင်း၊ အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ကမ်းခြေဟာ ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး လူအများအပြားသေဆုံးခဲ့ကြရပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်နေထိုင်တဲ့ ဂျက်ဖ် ဟော့ဒ်ဆန်ဟာ ဖူးခက်ကနေဆောင်းပါးတွေကို Seattle Times အတွက်ရေးသားခဲ့ပါတယ်။
ဆူနာမီတိုက်ခိုက်ခဲ့ပြီး ၆ လ အကြာမှာတော့ Seattle Times က ဂျက်ဖ်ဟော့ဒ်ဆန်ကို ဆူနာမီရဲ့ဒဏ်ရာတွေ သက်သာပြီလားဆိုတာကို ဆောင်းပါးတစ်ပုဒ်ရေးပို့ဖို့ တောင်းဆိုခဲ့ပါတယ်။ ဂျက်ဖ်တွေ့ ခဲ့တာကတော့ ထိုင်းနိုင်ငံ တောင်ပိုင်းဟာ ဆူနာမီရဲ့ ဒဏ်ရာတွေကို ခံစားနေရဆဲဖြစ်ပြီး စီးပွားရေးတွေ နာလန်မထူတဲ့အပြင် လူတွေရဲ့ စိတ်ဒဏ်ရာတွေကလည်း ပြင်းထန်နေဆဲပါပဲ။ ဂျက်ဖ်က ဆူနာမီကြောင့် စီးပွားရေးဘဝပျက်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာကျဆင်းနေတဲ့ ထိုင်းလူမျိုးတစ်ယောက်နဲ့ ဆောင်းပါး အဖွင့်ကိုစတင်ခဲ့ပါတယ်။ ဖတ်ကြည့်ကြရအောင်ပါ။
ဘန်နန်ခန်၊ ထိုင်းနိုင်ငံ – ပန်နုစရီရက်တစ်ယောက် သူ့ရဲ့ ရေပေါ်ဝါးတဲဘန်ဂလိုလေးရဲ့ ဖွင့်ပွဲအတွက် ကံမကောင်းတဲ့နေ့ရက်ကို ရွေးချယ်ခဲ့မိပါတယ်။
ဒီဇင်ဘာ ၂၆။
“ကျွန်တော် မိနစ် ၂ဝ ပဲဖွင့်လိုက်ရတယ်။ လှိုင်းလုံးတွေ ပြေးဝင်လာတော့တာပဲ”
ဒီဆောင်းပါးအဖွင့်ဟာ စာဖတ်သူကို ဖြတ်
ရိုက်လိုက်သလိုပါပဲ။ ဒီလောက်ကံဆိုးသူကို တွေ့ဖို့ဆိုတာ အလွန်ခဲယဉ်းပါလိမ့်မယ်။ စုဆောင်းထားတဲ့ ငွေကြေးလေးနဲ့ ပင်လယ်ကမ်းခြေမှာ ဘန်ဂလိုလေးကို ပန်နုက ဖွင့်ခဲ့တာပါ။ ဒါပေမယ့် သူရဲ့ဧည့်ရိပ်မြုံလေးဟာ မိနစ်၂၀ ပဲ ခံလိုက်ရှာပါတယ်။ အင်မတန် အားကောင်းလှတဲ့အဖွင့် ဖြစ်ပါတယ်။
ယခုစာရေးသူက ဆောင်းပါးရှင်ဂျက်ဖ်ကို ဒီဇာတ်ကောင်ကို ဘယ်လိုဆုံစည်းခဲ့တယ်ဆိုတာကို မေးခဲ့ဖူးပါတယ်။ တကယ်တော့ ဂျက်ဖ်က သတင်းလိုက်တာ၊ သုတေသနလုပ်တာတွေပြီးဆုံးလို့ ထိုင်းနိုင်ငံတောင်ပိုင်းကနေ ပြန်တော့မယ့်ညမှာ ပန်နုကိုတွေ့ ခဲ့တာလို့ ဆိုပါတယ်။ သင်ခန်းစာကတော့ စတိုရီကောင်းတွေရဖို့အတွက် အပတ်တကုတ် ကြိုးစားဖို့လိုတယ်၊ ဘယ်အချိန်မှာ အဘိုးတန်တဲ့အဖွင့်တွေရမယ်ဆိုတာ မသိနိုင်ဘူးဆိုတာ ပါပဲ။
နောက်ထပ်နမူနာတစ်ခုကို ထပ်ဖတ်ကြည့်ပါမယ်။
“စာနန်စုဝမ်တ” ဟာ သူ့အလုပ်ကိုသူ ဂုဏ်ယူတဲ့ တံငါသည်တစ်ဦးပါ။ သူဟာ သူ့အဖေနဲ့ သူ့ရဲ့
ဘိုးဘေးတွေလိုပဲ မဲခေါင်မြစ်ရဲ့ ဧရာမ “ပလာဘွတ်” ငါးခူကြီးတွေကို ဖမ်းတဲ့အတွက် တခြားတံငါသည်တွေထက် ပိုထူးခြားနေပါတယ်။ ဒီငါးတွေဟာ သုံးမီတာရှည်ပြီး အလေးချိန် ကီလို ၃၀၀ နီးပါးရှိပါတယ်။
ဒါပေမယ့် မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ကမ္ဘာ့အကြီးဆုံး အကြေးခွံမဲ့ရေချို “ပလာဘွတ်” ငါးနဲ့မတူတာကတော့ “စာနန်”ဟာ သူ့လိုတံငါသည်မျိုးတွေထဲမှာ နောက်ဆုံးကျန်တဲ့ တံငါသည် ဖြစ်နေတာပါပဲ။
“မဲခေါင်မြစ်ဟာ အရင်လိုမဟုတ်တော့ဘူး” လို့ အသက်လေးဆယ်အရွယ်ရှိတဲ့ “စာနန်”က ပြောပါတယ်။ ချိုင်းရိုင်းရဲ့ “ခေါင်” ခရိုင်မှာရှိတဲ့ သူ့ဇာတိ “ဘန်ဟဒ်ခရိုင်”ရွာအရှေ့ဘက်က“ဒေါင်းဝိုင်း”ကျွန်းကလေးပေါ်မှာ ငါးဖမ်းပစ္စည်းတွေကို သူပြင်ဆင်နေပါတယ်။
“ဘန်ဟဒ်ခရိုင်”ရဲ့ ရေမှော်နဲ့ ရေအောက်ကျောက်တုံးတွေကင်းမဲ့တဲ့ ချောမွေ့ တဲ့မဲခေါင်မြစ်နဲ့ မြစ်ကြမ်းပြင်ကြောင့် ဒီနေရာဟာ ထိုင်းနိုင်ငံမှာ ဧရာမငါးခူကြီးတွေကို ဖမ်းနိုင်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်ပါတယ်။
ရေအကျဆုံးအချိန်ဖြစ်တဲ့ ဧပြီလတိုင်းမှာ မဲခေါင်မြစ်ရဲ့ တစ်ဖက်တစ်ချက်စီမှာရှိတဲ့ လာအို နဲ့ ထိုင်းနိုင်ငံတွေရဲ့ကမ်းစပ်က တံငါသည်တွေဟာ ငါးကြီးတွေကိုဖမ်းဖို့ ကျွန်းကလေးပေါ်မှာ ခနော်ခနဲ့ တဲကလေးထိုးပြီး စခန်းချကြပါတယ်။
“ခေါင်” တံငါသည်တွေ အတွက်ကတော့ ဒီငါးဖမ်းတဲ့အလုပ်ဟာ ဘိုးစဉ်ဘောင်ဆက်
အစဉ်အလာတစ်ခုကို ဆက်လုပ်တာပဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကတော့ ဒီငါးကြီးတွေအပေါ် လူတွေရဲ့အနိုင်ယူမှုဟာ မဲခေါင်မြစ်မှာသာ တွေ့နိုင်တဲ့
မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့သတ္တဝါတွေကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ မြင်ကြပါတယ်။
“ပလာဘွတ်” အကောင်ရေကျလာတာနဲ့ အမျှ “ခေါင်”တံငါသည်တွေရဲ့ မျက်နှာထားတွေဟာလည်း ပိုပိုတင်းလာနေပါတယ်။”
(ဘန်ကောက်ပို့စ်ကဆောင်းပါးဖြစ်ပြီး The Indochina Media Memorial Foundation (IMMF) ကထုတ်ဝေတဲ့ Beyond Basics စာအုပ်ကထုတ်နုတ်ထားခြင်းဖြစ်ပါတယ်။)
ဒီအဖွင့်ကိုကြည့်မယ်ဆိုရင် စာနန်စုဝမ်တဆိုတဲ့တံငါသည်တစ်ယောက်ရဲ့ဘဝနဲ့ဖြတ်သန်းမှုကို ဇာတ်လမ်းတိုလေးတစ်ခုအဖြစ် ဖော်ပြထားတာဖြစ်ပါတယ်။ ဆောင်းပါးရဲ့ တကယ်ပြောပြချင်တာကတော့ မဲခေါင်မြစ် ထဲမှာရှားပါးလာနေပြီဖြစ်တဲ့ “ပလာဘွတ်” ငါးခူကြီးတွေအကြောင်းပါ။ ဒါကိုပြောဖို့အတွက် မျိုးနဲ့ရိုးနဲ့ဒီငါးကြီးတွေကိုဖမ်းလာတဲ့ “စာနန်စုဝမ်တ” ကိုထုတ်ပြလိုက်တာပါ။ တစ်နည်းအားဖြင့်ပြောရရင်ဆောင်းပါးကို လူသားမျက်နှာစာ(Human Face) တပ်ပေးလိုက်တာပါပဲ။
(၂) မြင်ကွင်းအဖွင့် (Descriptive/ Scene)
နမူနာတစ်ခုလောက်ကြည့်ကြရအောင်ပါ။ ဒီဆောင်းပါး ကတော့ ဗီယက်နမ်နိုင်ငံနဲ့ ဆားစ် (SARS)ရောဂါအကြောင်း ဖြစ်ပါတယ်။
ဟနွိုင်း။ ။ ၉ ရက်ကြာအောင် မျောနေရာက မတ်လအလယ်မှာ ပြန်သတိရလာတဲ့ “ငုရင်သီမင်”ရဲ့ ကုတင်ဘေးမှာ ဆရာဝန်တွေ သူနာပြုတွေဟာ ဝိုင်းအုံပြီး သူ့ကိုအားပေးနေကြပါတယ်။
“အသက်ရှူ အသက်ရှူ” လို့ သူတို့က ပြောပါတယ်။ “အားမလျှော့နဲ့၊ ယောက်ျားနဲ့ ကလေးတွေ စောင့်နေကြတယ်”
ရေနစ်နေသလို ခံစားခဲ့ရပေမယ့် သူတို့စကားသံ
တွေကိုကြားပြီး ကြိုးစားခဲ့တယ်လို့ သူ့အိမ်မှာ ဒီသီတင်းတစ်ပတ်အကုန်က တွေ့ခဲ့တုန်းက သူပြောခဲ့ပါတယ်။
“ဆရာဝန်တွေအများကြီးကြည့်နေတာကိုမြင်လိုက်ရတော့ အားတက်သွားတယ်”လို့ သူက ပြောပါတယ်။ “လူတွေအများကြီး ပြုစုစောင့်ရှောက်နေကြတာ သိပ်ကိုကြည်နူးဝမ်းသာသွားတယ်”
(The Indochina Media Memorial Foundation (IMMF) ကထုတ်ဝေတဲ့ Beyond Basics စာအုတ်က ထုတ်နုတ်ထားတာဖြစ်ပါတယ်။)
ဆောင်းပါးရှင်ဟာ သူ့စတိုရီကို မြင်ကွင်းလေးတစ်ခုနဲ့ ဖွင့်ထားပါတယ်။ အထူးကြပ်မတ်ကုသဆောင်ထဲက သတိမေ့နေတဲ့လူနာတစ်ဦး၊ သူ့ကိုဝိုင်းဝန်းစောင့်ရှောက်နေကြတဲ့ ဆရာဝန်၊ သူနာပြုတွေ၊ သူမ ပြန်သတိရလာပုံ စတဲ့မြင်ကွင်းကို ပုံဖော်ထားတာပါ။
တကယ်ကတော့ ငုယင်သီမင်ဟာ ဗီယက်နမ်မှာ ဆားစ်ရောဂါဖြစ်ပြီး ပထမဆုံးမသေဆုံးတဲ့လူနာဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗီယက်နမ်ကို ဒီရောဂါကို ထိန်းချုပ်နိုင်တဲ့ပထမဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အသိအမှတ်ပြုခဲ့ပါတယ်။
(၃) ပြောပြတဲ့အဖွင့် (Narrative)
အဖွင့်တစ်ပုဒ်လောက် ဖတ်ကြရအောင်ပါ။ ယခုဆောင်းပါးကတော့ ကမ္ဘောဒီးယားနိုင်ငံနဲ့ မြေမြှုပ်မိုင်းပြဿနာကို International Herald Tribune သတင်းစာကြီးမှာ ဝါရင့်ဆောင်းပါးရှင် ဆက်သ်မိုင်ဒန်စ်က ရေးသားခဲ့တာပါ။
ကီအင်စီလျန်၊ ကမ္ဘောဒီယား။
ခြေတုလက်တုဌာနမှာရှိတဲ့ အသေးဆုံး ရာဘာ ခြေထောက်ရဲ့ အရွယ်အစားကတော့ နံပါတ် ၅ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအရွယ်အစားကို တောင်းဆိုတဲ့သူ သိပ်မရှိပါဘူး။ မြေမြှုပ်ဗုံးပေါက်ကွဲတဲ့အခါ အသက်မသေတဲ့ကလေးသူငယ်တွေ အင်မတန်နည်းလို့ပါပဲ။
ဖနွန်းပင်မြို့ရဲ့ “ရတ်ဆေကီအို” အရပ်မှာ ခြေတု၊ လက်တုလာတပ်သူ ကိုးဆယ်ရာခိုင်နှုန်းဟာ မြေမြှုပ်ဗုံးကြောင့် ခြေပြတ်၊ လက်ပြတ် ဖြစ်သွားရတဲ့သူတွေ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ လူလေးသောင်းနီးပါး ဒါမှမဟုတ် လူ ၂၅ဝ မှာ တစ်ယောက်ဟာ ဗုံးတွေကြောင့် ခြေလက်ဆုံးရှုံးခဲ့ကြရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါဟာကမ္ဘာပေါ် မှာ အမြင့်မားဆုံးလူတစ်ဦးချင်းစီ ခြေပြတ်လက်ပြတ် ဖြစ်ရတဲ့နှုန်းပါပဲ။
(The Indochina Media Memorial Foundation (IMMF) ကထုတ်ဝေတဲ့ Beyond Basics စာအုပ်က ထုတ်နုတ်ထားတာဖြစ်ပါတယ်။)
ဒီအဖွင့်ကို စာရေးသူဖတ်ရတဲ့အချိန်မှာ တုန်လှုပ်သွားခဲ့ပါတယ်။ ပထမအချက်ကတော့ ဆောင်းပါးရှင်ပြောပြတဲ့ အသေးဆုံးရာဘာခြေထောက်ရဲ့အရွယ်အစားက နံပါတ် ၅ ဖြစ်ပြီး တောင်းဆိုတဲ့သူ သိပ်မရှိဘူးဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိုင်းနင်းမိရင် ကလေးငယ်တွေ အသက်မရှင်ကြလို့ပါ။
နောက်တစ်ချက်တုန်လှုပ်မိတာကတော့ ဆောင်းပါးရှင်ရဲ့ ဖန်တီးနိုင်စွမ်းဖြစ်ပါတယ်။ စာပုဒ်လေးတစ်ပုဒ်ထဲနဲ့ ပရိတ်သတ်တွေကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ အရည်အသွေးပါ။
နောက်ထပ်နမူနာတစ်ခုကိုဖတ်ကြည့်ပါဦးမယ်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးအချိန်က ကမ္ဘာကျော် အမျိုးသမီးစစ်သတင်းထောက် မာသာဂယ်လ်ဟွန်း ရေးသားခဲ့တဲ့ ဆောင်းပါးပါ။ မဟာမိတ်တပ်တွေက ဂျာမဏီနိုင်ငံထဲကိုဝင်ရောက်သွားပြီး နာဇီတွေရဲ့ အကျဉ်းစခန်း တွေကိုဝင်စီး၊ အကျဉ်းသားတွေကို ကယ်တင်တဲ့အခါ သူတိုနဲ့အတူပါသွားတဲ့ မာသာဂယ်လ်ဟွန်းက သူမခံစားရတာကို ပြန်ရေးခဲ့တဲ့အဖွင့်ပါ။
“ဒါချော” ဆိုတဲ့ ဂျာမဏီအကျဉ်းစခန်းကနေသတင်းပေးပို့ခဲ့တာပါ။ “ဒါချော”မှာ နာဇီဂျာမန်တွေဟာ အကျဉ်းသားတွေဖြစ်တဲ့ ဂျူးတွေ၊ မဟာမိတ်စစ်သားတွေကို လွန်လွန်ကျူးကျူးရက်စက်မှုတွေ ပြုလုပ်ခဲ့တာကို သူမတွေ့ ခဲ့ရတာပါ။ ဆောင်းပါး အမည်ကတော့ Dachau: Experimental Murder ဖြစ်ပါတယ်။
ကျွန်မတို့ ဂျာမဏီကနေ အမေရိကန်စစ်
အကျဉ်းသားတွေကို သယ်လာတဲ့ C-47 လေယာဉ်နဲ့ ပြန်လာခဲ့ကြတယ်။
ရိုဂျန်စဘာ့ခ်က မြက်ခင်းပေါ်မှာ လေယာဉ်တွေကို တန်းစီပြီးရပ်ထားတယ်။
ခရီးသည်တွေကတော့ လေယာဉ်တောင်ပံအောက် အရိပ်ထဲမှာ ထိုင်နေကြတယ်။
သူတို့လေယာဉ်နားက မခွာကြဘူး။ ဘယ်သူမှ ဒီခရီးကို အလွတ်မခံနိုင်ကြပါဘူး။
“အားလုံးတက်ကြတော့” လို့ လေယာဉ်ဝန်ထမ်း ကပြောတဲ့အချိန်မှာ မီးလောင်နေတဲ့နေရာက ထွက်ပြေးသလို ကျွန်မတို့အားလုံး လေယာဉ်ထဲကို အလုအယက်ဝင်ကြတယ်။
ဂျာမဏီအပေါ်ကဖြတ်ပြီး ပျံသန်းနေချိန်မှာ ဘယ်သူမှ အောက်ကို ငုံ့မကြည့်ကြဘူး။
ဘယ်သူမှဂျာမဏီကို နောက်တစ်ကြိမ် ပြန်မမြင်ချင်ကြတော့ဘူး။ အမုန်းတရားတွေ၊ စိတ်ပျက်မှုတွေနဲ့ သူတို့ ပြန်လာခဲ့ကြပါပြီ။
“ဒို့ပြောတာကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး” လို့ စစ်သားတစ်ယောက်က ရေရွတ်တယ်။
မာသာဂယ်လ်ဟွန်းလောက် စာရေးကောင်းတဲ့သူဟာ အများကြီး မရှိလောက်ပါဘူး။ ဆောင်းပါးရဲ့အဖွင့်ကို တစ်ဆင့်ချင်း မာသာက ဂီယာ တင်ခဲ့ပါတယ်။
“ကျွန်မတို့ ဂျာမဏီကနေ အမေရိကန် စစ် အကျဉ်းသားတွေကို သယ်လာတဲ့ C-47 လေယာဉ်နဲ့ ပြန်လာခဲ့ကြတယ်။
ရိုဂျန်စဘာ့ခ်က မြက်ခင်းပေါ်မှာ လေယာဉ်တွေကိုတန်းစီပြီးရပ်ထားတယ်။
ခရီးသည်တွေကတော့ လေယာဉ်တောင်ပံအောက်က အရိပ်ထဲမှာထိုင်နေကြတယ်။
သူတို့လေယာဉ်နားက မခွာကြဘူး။ ဘယ်သူမှ ဒီခရီး ကို အလွတ်မခံနိုင်ကြပါဘူး။”
ဒီနေရာမှာ “သူတို့လေယာဉ်နားက မခွာကြဘူး။ ဘယ်သူမှ ဒီခရီးကို အလွတ်မခံနိုင်ကြပါဘူး။” ဆိုတာဟာ ဘာကြောင့်ဒီခရီးကို အလွတ်မခံနိုင်တာလဲဆိုတဲ့ ပဟေဠိကို စာဖတ်သူတွေခေါင်းထဲကို ထည့်ပေးလိုက်ပါတယ်။
ဂျာမဏီအပေါ်ကဖြတ်ပြီးပျံသန်းနေချိန်မှာ ဘယ်သူမှ အောက်ကို ငုံ့မကြည့်ကြဘူး။
ဘယ်သူမှ ဂျာမဏီကို နောက်တစ်ကြိမ် ပြန်မမြင်ချင်ကြတော့ဘူး။ အမုန်းတရားတွေ၊ စိတ်ပျက်မှုတွေနဲ့ သူတို့ပြန်လာခဲ့ကြပါပြီ။
“ဒို့ပြောတာကို ဘယ်သူမှယုံမှာမဟုတ်ဘူး” လို့ စစ်သား တစ်ယောက်ကရေရွတ်တယ်။
ဒီစာပိုဒ်ကတော့ ဘယ်လောက်ကြောက်စရာကောင်းတဲ့အရာတွေကို ဒါချောအကျဉ်းစခန်းမှာ တွေ့ ခဲ့တယ်ဆိုတာကို ပြန်ပြောပြဖို့ စာရေးသူ မာသာဂယ်လ်ဟွန်းက ဝေမျှဖို့ အတွက် ဇာတ်အဖွင့်ခင်းတာ ဖြစ်ပါတယ်။
ယခုစာရေးသူအစောပိုင်းမှာ ပြောခဲ့သလိုပဲ ဝေးကွာလှတဲ့အတိတ်က သတင်းစာပညာတွေဟာ အခုထက်ထိလေ့လာအတုယူဖို့ အရေးပါနေတုန်းပါပဲ။
(၄) အားကောင်းတဲ့ပြောစကား/အဆိုအမိန့်
(Strong Quote)
ဖီချာအယ်ဒီတာတွေနဲ့ ဝါရင့်ဖီချာဆောင်းပါးရှင်တွေကတော့ သတင်းဆောင်းပါးကို ပြောစကားနဲ့မဖွင့်ဖို့ အကြံပေးလေ့ရှိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းပါး အကြောင်းအရာကိုမပြောခင် ပြောစကားနဲ့စတဲ့အခါ စာဖတ်သူတွေ စိတ်ရှုပ်ထွေးစေတာကြောင့်ပါ။ ဒါပေမယ့် ဒါဟာအမြဲတမ်းလိုက်နာရမယ့် စည်းကမ်းတော့မဟုတ်ပါဘူး။ တကယ်အားကောင်းတဲ့ ပြောစကား/ အဆိုအမိန့်ကို ရရင်တော့ ဆောင်းပါးကို စတင်လို့ရပါတယ်။
နမူနာအဖွင့်တစ်ခုကို ကြည့်ကြရအောင်ပါ။
“တရုတ်နိုင်ငံအိပ်ပျော်နေပါစေ၊ သူမ နိုးထလာရင် ကမ္ဘာကို ကိုင်လှုပ်လိမ့်မယ်”
(နပိုလီယန်ဘိုနာပတ်)
(Forbes မဂ္ဂဇင်းက ဒေါက်တာအီဝယ်လီနာရဲ့ ဆောင်းပါးဖြစ်ပါတယ်။)
တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြဖို့ နပိုလီယန်ရဲ့ ထင်ရှားတဲ့အဆိုအမိန့်နဲ့ ဖွင့်တာဖြစ်ပါတယ်။
(၅) အရေးပါတဲ့အချက်အလက်ကိုပြောပြခြင်း
(Statement of Fact)
၂၀၁၆ ခုနှစ်တုန်းက လန်ဒန်မြို့က မဲဆန္ဒရှင်တွေဟာ မွတ်ဆလင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဆဒစ်ခန် (Sadiq
Khan) ကို မြို့တော်ဝန်အဖြစ် ရွေးကောက်
တင်မြှောက်ခဲ့ကြပါတယ်။ ဒါကို ဝါရှင်တန်ပို့စ်သတင်းစာကြီးက အခုလို ရေးခဲ့ပါတယ်။
“ခါးသီးပြီးဒဏ်ရာတွေရစေခဲ့တဲ့ ပြိုင်ပွဲအပြီးမှာ လေဘာပါတီရဲ့ ဆဒစ်ခန်ဟာ စနေနေ့က လန်ဒန် မြို့တော်ဝန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါပြီ၊ ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ် မွတ်ဆလင်တစ်ဦးက ဥရောပရဲ့အဓိကမြို့တော်တစ်ခုမှာ ရွေးကောက်တင်မြှောက်ခံရတာဖြစ်ပါတယ်။”
ဒီစတိုရီကိုရေးသားရာမှာ စာရေးသူဟာ ဆဒစ်
ခန် ရွေးကောက်တင်မြှောက်ခံရတာ ဘာဖြစ်လဲ (So What) ဆိုတဲ့မေးခွန်းကို အဖွင့်မှာတစ်ခါတည်း ဖြေပေးထားတာပါ။
“ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ် မွတ်ဆလင်တစ်ဦး ဥရောပရဲ့အဓိကမြို့တော်တစ်ခုမှာ ရွေးကောက်တင်မြှောက်ခံရတာဖြစ်ပါတယ်။”
ဆောင်းပါးတွေရဲ့အဖွင့်တွေကို ရေးသားဖို့ နည်းလမ်းမျိုးစုံရှိပါတယ်။ အကြံပေးချင်တာကတော့ ပုံစံတစ်မျိုးကိုပဲ အမြဲအသုံးနေတာ မဖြစ်ဖို့ပါ။ ဆောင်းပါးတွေဟာ တစ်ပုဒ်နဲ့တစ်ပုဒ်မတူတဲ့အတွက် အဖွင့်တွေကိုလည်း တစ်ပုဒ်ချင်းစီနဲ့ သင့်တင့်လျောက်ပတ်အောင်ဖွင့်သင့် ပါတယ်။
(ဆက်လက်ဖော်ပြပါမယ်။)
The Tanintharyi Times
