ထားဝယ် – ရန်ကုန် ခရီးစဉ်ကို ကားလမ်းအသုံးပြုပြီး သွားလာသူ ပြန်များလာ

ထားဝယ် – ရန်ကုန် ခရီးစဉ်ကို ကားလမ်းအသုံးပြုပြီး သွားလာသူ ပြန်များလာ

အခုနှစ်ပွင့်လင်းရာသီမှာ ရန်ကုန်-ထားဝယ် ခရီးစဥ်ကိုကားလမ်းအသုံးပြုပြီး သွားလာသူတွေ ပြန်များလာတယ်လို့ မော်တော်ယာဥ်လိုင်းလုပ်ကိုင်သူတွေနဲ့ ယာဥ်မောင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မိုးတွင်းမှာရာသီဥတုနဲ့ စစ်ရေးအခြေအနေကြောင့် ကားထက်လေယာဥ်ကို ပိုမိုအသုံးပြုကြပေမဲ့ အခုလက်ရှိမှာတော့ ပွင့်လင်းရာသီဖြစ်တဲ့အပြင် စစ်ရေးအခြေအနေ ငြိမ်သက်နေကြတာကြောင့် ကားစီးသူပြန်များလာတယ်လို့ ယာဥ်လိုင်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့မိုးတွင်းကာလမှာ ရန်ကုန်-ထားဝယ်ခရီးစဥ်ကို ကားအငယ်အစီး ၂၀ နီးပါးလောက်ပဲပြေးဆွဲနေရာကနေ အခုလက်ရှိမှာတော့ အစီး ၃၀ ကျော်လောက်အထိပြေးဆွဲနေတယ်လို့ ထားဝယ်ဒေသခံ ယာဥ်မောင်းတွေကဆိုပါတယ်။

“နည်းနည်း စည်စည်ကားကားတော့ပြန်ဖြစ်လာတာပေါ့။ လမ်းပိုင်းတွေ နည်းနည်းပြန်ငြိမ်နေတာလည်းပါတယ်။ လေယာဥ်နဲ့ကတော့ မတက်သာလို့သာသွားကြတာပါ။ စျေးကလည်းသုံးလေးဆပိုကုန်တာကို” လို့ ရန်ကုန်-ထားဝယ်ကို ကားအငယ်နဲ့ပို့ဆောင်ပေးနေတဲ့ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

ရန်ကုန်-ထားဝယ်ကို ကားအငယ်လက်မှတ်တစ်စောင်ကို လက်ရှိမှာ ကျပ်တစ်သိန်းစျေးရှိပြီး လေယာဥ်လက်မှတ်ကတော့ ကျပ်သုံးသိန်းဝန်းကျင်အထိစျေးရှိနေတာဖြစ်ပါတယ်။

ကားလမ်းနဲ့သွားရာမှာတော့ ခရီးသည်တင်မှန်လုံံယာဥ်တွေနဲ့ သွားလာကြတာရှိသလို ကားအငယ်တွေနဲ့သွားလာကြတာလည်းရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ မှန်လုံယာဥ်အကြီးတွေဟာ လမ်းခရီးမှာ ကြန့်ကြာတာနဲ့ စစ်ကောင်စီဂိတ်တွေက အစစ်အဆေးပိုမိုတင်းကြပ်တာကြောင့် စီးတဲ့သူနည်းပါးသွားပြီလို့ဆိုပါတယ်။

“ကားကြီးတွေက ရန်ကုန်-ထားဝယ်ကိုတောင် လမ်းမှာနှစ်ညလောက်အထိ အိပ်ရတတ်တယ်။ ပြီးတော့ ဂိတ်‌ရောက်ရင်လည်း တစ်စီးလုံးဆင်းချခိုင်းပြီးစစ်တယ်။ ကားအငယ်ကနေ့ချင်းလည်း ရောက်တယ်၊ အိမ်တိုင်ရာရောက်အကြိုအပို့လည်းရတယ်လေ” လို့ ရန်ကုန်-ထားဝယ်ကို မကြာခဏခရီးသွားနေသူတစ်ဦးက ပြောပါတယ်။

မှန်လုံကားကြီးတွေမှာ ကားလက်မှတ်ခ ကျပ် ၄၀၀၀၀ ဝန်းကျင်သာဖြစ်ပေမဲ့ စစ်ကောင်စီဂိတ်တွေက လမ်းမှာငွေတောင်းတာတွေ့ကြောင့် ခရီးစဥ်တစ်ခုကို စုစု‌ပေါင်း ကျပ် ၈၀၀၀၀ လောက်အထိကျသင့်တယ်လို့ ယာဥ်မောင်းတွေက ဆိုပါတယ်။ ကားအငယ်တွေကတော့ စစ်ကောင်စီဂိတ်တွေမှာ ယာဥ်မောင်းကပဲညှိနှိုင်းပြီး ငွေပေးရတယ်လို့ ယာဥ်မောင်းတွေကဆိုပါတယ်။

ရန်ကုန်-ထားဝယ် လမ်းတစ်လျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေး‌ရေးဂိတ်ပေါင်း နှစ်ဆယ်ကျော်လောက်အထိရှိပြီး ခရီးသည်တင်ယာဥ်တွေဆီမှာ ကျပ်ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ အမျိုးမျိုးတောင်းခံနေတာပါ။ အခုလအတွင်းမှာလည်း သံဖြူဇရပ်မြို့ထဲနဲ့ ရေးနဲ့သံဖြူဇရပ်ကြားမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် နှစ်ခုထပ်တိုးလာတယ်လို့ ယာဥ်မောင်းတွေက ဆိုပါတယ်။

လမ်းတစ်လျှောက်ကဂိတ်တွေထဲမှာ မလွှဲတောင်စစ်ဆေးရေးဂိတ်၊ ရေးတံတားစစ်ဆေးရေးဂိတ်နဲ့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွေက အစစ်အဆေးအတင်းကြပ်ဆုံးဂိတ်တွေ ဖြစ်ပါတယ်။

ထားဝယ်-မြိတ်ခရီးစဥ်တွေကတော့ ပုလောမြို့နယ်လမ်းပိုင်းမှာ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အခုပွင့်လင်းရာသီမှာလည်း ကားလမ်းအသုံးပြုသွားလာသူတွေ နည်းပါးနေ‌သေးတယ်လို့ ယာဥ်မောင်းတွေက ဆိုပါတယ်။

The Tanintharyi Times