ပုလောမြို့အဝင်မှာ နာရီပိုင်းအတွင်း လူငယ်ဆယ်ကျော် စစ်မှုထမ်းအဓမ္မစုဆောင်းခံရ

ပုလောမြို့အဝင်မှာ နာရီပိုင်းအတွင်း လူငယ်ဆယ်ကျော် စစ်မှုထမ်းအဓမ္မစုဆောင်းခံရ

ပုံစာ - ပုလောမြို့အဝင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်။

မြိတ်ခရိုင်၊ ပုလောမြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ လမ်းသွားလမ်းလာ လူငယ် ၁၅ ဦးကို စစ်မှုထမ်းဖို့အဓမ္မဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ဒီနေ့မနက်ပိုင်းက လက္ကူးရွာဘက်နေ ပုလောမြို့ဘက်ကိုလာတဲ့လမ်းပေါ်မှာရှိတဲ့ ကျောက်စုစစ်ကောင်စီဂိတ်ကို ထွေအုပ်၊ စရဖ၊ ရဲနဲ့ စစ်ကောင်စီတပ်သားတွေက ကား ၄ စီးနဲ့ရောက်ရှိလာပြီး ပုံမှန်သွားလာနေတဲ့ လူငယ်အမျိုသားတွေကို ဖမ်းဆီးတာလို့ ဒေသခံတွေက ပြေပါတယ်။

စစ်ကောင်စီတပ်ဘက်က ဒီနေ့မနက် ၈ နာရီခွဲလောက်ကစလို့ ၁၁ နာရီဝန်းကျင်လောက်အထိ ဂိတ်ကနေ စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသားစုစုပေါင်း ၁၅ ဦးခန့်ရှိတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“ဂိတ်မှာအရပ်ဝတ်တွေရော စစ်ဝတ်တွေရောပဲ။ ပါသွားတာ အကုန်လူငယ် ယောင်္ကျားလေးတွေပဲ။ အမှတ် ၄ ရပ်ကွက်ကပါတာများတယ်၊ အမှတ် ၃ နဲ့ အမှတ်၂ ရပ်ကွက်ကတချို့ပါတယ်။ ဂိတ်ကလည်း အမှတ် ၄ ရပ်ကွက်မှာရှိတာပါ။ ပြီးတော့ ဒီရပ်ကွက်ထဲကပဲအများဆုံးခေါ်သွားတာ” ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ထဲက ၁၁ ဦးခန့်ကိုတော့ ဒီနေ့မနက်ပိုင်းမှာပဲ ပုလောမြို့မရဲစခန်းကို ပို့ဆောင်လိုက်ပြီး ကျန်ရှိတဲ့ ၄ ဦးကတော့ ခံဝန်နဲ့ပြန်လွှတ်မယ့်အခြေအနေ ရှိတယ်လို့ နီးစပ်သူရဲ့ ပြောပြချက်အရပါတယ်။

ပုလောမြို့မရဲစခန်းကိုပို့ဆောင်ခံလိုက်ရတဲ့သူတွေဟာ စစ်မှုထမ်းဖို့အတွက် မြိတ်မြို့နယ်၊ ရွှေဒူးရွာအခြေစိုက် တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း (တိုက်/စည်း) ကို ရေလမ်းကနေ ပို့ဆောင်ခံရဖို့ရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

အခုလို မြို့အဝင်ဂိတ်ကနေ နာရီပိုင်းအတွင်း လမ်းသွားလမ်းလာ ဆယ်ကျော်ကိုဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းတာဟာ တနင်္သာရီတိုင်းအတွင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

“ပုလောမှာ လူဆယ်ချီဖမ်းပြီး စစ်မှုထမ်းပို့တာမျိုးကတော့ သုံးကြိမ်နဲ့အထက်ရှိပြီ။ ဒါပေမဲ့ နေ့ခင်းဘက်ကြီး ဂိတ်မှာအစုလိုက်အပြုံလိုက်ဖမ်းတာကတော့ ဒါပထမဆုံးပါပဲ။ နေရာပေါင်းစုံမှာ အရေးနိမ့်ပြီး အင်အားဆုံးရှုံးနေတာကို ပြန်ဖြည့်တင်းဖို့ကြိုးစားနေတာလို့ ယူဆပါတယ်” လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးကပြောပါတယ်။

ဒီနေ့မနက်မှာ ဖမ်းဆီးခံတဲ့ လူငယ်တွေရဲ့ ဆိုင်ကယ်တွေကိုလည်း စစ်ကောင်စီတပ်က တပါတည်းသိမ်းယူသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်မှုထမ်းအပတ်စဥ်အစောပိုင်းက ပုလောမြို့မှာ ရပ်ကွက်အလိုက် အချိုးကျ စစ်မှုထမ်းစုဆောင်းတာတွေရှိပေမဲ့ အပတ်စဥ် ၅ လောက်ကစပြီး မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ စစ်ရေးဂိတ်တွေမှာပါ အတင်းအဓမ္မဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းတာတွေရှိခဲ့တာပါ။

အလားတူ ထားဝယ်မြို့က ကမြောကင်းတံတားနဲ့ ဗျောတောဝ မြို့အဝင်ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်သားတွေက လူငယ်တွေကို ဖမ်းဆီးပြီးတပ်သားသစ်စုဆောင်းတာတွေ အခုနှစ်အတွင်းမှာ လုပ်ဆောင်လာပါတယ်။

စစ်ကောင်စီဟာ လက်ရှိမှာတော့ တစ်နိုင်ငံလုံးက စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ စစ်မှုထမ်းအပတ်စဥ် ၁၂ ကိုသင်တန်းပေးနေပြီး အပတ်စဥ် ၁၃ အတွက် အတင်းအဓမ္မတပ်သားသစ်စုဆောင်းတာတွေကို လုပ်ဆောင်နေပါတယ်။

The Tanintharyi Times