သတ္တုတူးဖော်ရေး သဘောတူညီချက် အမေရိကန်နဲ့ ယူကရိန်း လက်မှတ်ရေးထိုး

သတ္တုတူးဖော်ရေး သဘောတူညီချက် အမေရိကန်နဲ့ ယူကရိန်း လက်မှတ်ရေးထိုး

Photo - ပုပ်ရဟန်းမင်းကြီးစျာပနမှာတွေ့ဆုံခဲ့တဲ့ ထရမ့် နဲ့ ဇယ်လန်းစကီး

မြေရှားသတ္တု အပါအဝင်အခြား ဓာတ်သတ္တုတွေတူးဖော်ရေးအတွက် အမေရိကန်အစိုးရ နဲ့ ယူကရိန်းအစိုးအကြားလက်မှတ်ရေးထိုးလိုက်လိုက်ပါတယ်။

လအတော်ကြာတင်းမာနေတဲ့ သတ္တုတူးဖော်ရေး သဘောတူညီချက်ကိစ္စကို ဝါရှင်တန် နဲ့ ကိယက်ဗ်တို့ က ဧပြီလ ၃၀ ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

သဘောတူညီချက်ထဲမှာတော့ ရုရှားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲပြီးရင် ယူကရိန်းရဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတစ်ခု ထားရှိရေး ကိစ္စလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်နဲ့ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် Yulia Svyrydenko တို့က ဝါရှင်တန်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီစာချုပ်ထဲမှာ ရုရှားကျူးကျော်စစ်စတင်ချိန်ကတည်းက အမေရိကအစိုးရ အနေနဲ့ ယူကရိန်းကို ထောက်ပံ့ထားတဲ့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံကိုလည်း စစ်ဘေးဒဏ် ပြန်တည်ထူထောင်ရေး မှာအသုံးပြုဖို့ အမေရိကန် က သဘောတူခဲ့တယ်ဆိုတဲ့ အချက်လည်းပါဝင်နေပါတယ်။

“ဒီသဘောတူညီချက်ဟာ ယူကရိန်းအတွက်ရေရှည်မှာ လွတ်လပ်ပြီးအချုပ်အခြာ အာဏာကိုအာမခံတဲ့ သဘောတူညီချက်တစ်ခုဖြစ်မှာပါ ။ဒါဟာ ယူကရိန်းကို ဗဟိုပြုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က အချက်ပြတဲ့ သဘောလည်းဖြစ်ပါတယ်” လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် ကပြောပါတယ်။

ဒီသဘောတူညီချက် ကိုတော့ ယူကရိန်းလွှတ်တော်ရဲ့ အတည်ပြုချက်ရယူဖို့လည်း လိုအပ်နေသေးတယ်လို့ ဂါးဒီယန်း သတင်းမှာဖော်ပြပါတယ်။

ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် ကသယံဇာတ တူးဖော်ရေး သဘောတူညီမှုမှာ သတ္တု၊ ရေနံနဲ့ ဓာတ်ငွေ့တူးဖော်ရေးတွေ ပါဝင်ပြီး နှစ်နိုင်ငံကြား ၅၀ ရာခိုင်နှုန်းစီအညီအမျှခွဲယူမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ ပုပ်ရဟန်းမင်းကြီးစျာပနကို တက်ရောက်ဖို့ ဗာတီကန်ကိုရောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ ယူကရိန်းသမ္မတ ဇလန်းစကီးတို့တွေ့ဆုံခဲ့ပြီး ယူကရိန်း က သတ္တုတွင်းတွေ အမေရိကန် ကို တူးဖော်ခွင့်ပြုဖို့ သဘောတူညီချက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယူကရိန်းသမ္မတဇယ်လန်းစကီးဟာ အိမ်ဖြူတော်ကိုသွားရောက်လည်ပတ်စဥ်က ထရမ့်နဲ့ အခြေအတင်အငြင်းပွားခဲ့ကြပြီး အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေအားလုံး ဖြတ်တောက်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတ္တုတူးဖော်ရေးမှာ ယူကရိန်းက သဘောမတူဘူးဆိုရင် အမေရိကန် ကစစ်ရေးမှာ ကူညီထားတဲ့ ဒေါ်လာဘီလီယံ ရာနဲ့ချီ ပြန်ပေးရမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကိုးကား – ဂါးဒီယန်း

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times