ကုမ္ပဏီလေးခု၊ ဘဏ်နှစ်ခုနဲ့ လူလေးဦးကို အမေရိကန်နဲ့ ဩစီက ထပ်မံဒဏ်ခတ်အရေးယူ
ကုမ္ပဏီလေးခု၊ ဘဏ်နှစ်ခုနဲ့ လူလေးဦးကို အမေရိကန်နဲ့ ဩစီက ထပ်မံဒဏ်ခတ်အရေးယူ
အာဏာသိမ်းမြန်မာစစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် လေးဦးနဲ့ လုပ်ငန်း နှစ်ခုကို အမေရိကန်အစိုးရက ထပ်မံဒဏ်ခတ်အရေးယူလိုက်ပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူ ခရိုနီလုပ်ငန်းရှင် ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဌ ဦးသိန်းဝင်းဇော်နဲ့ ဇနီးဖြစ်သူ ဒေါ်တင်မင်းလတ် သားသမီးတွေ ဖြစ်တဲ့ မသိမ့်ဝင်းထက်နဲ့ ကိုဝင်းပိုင်ကျော်တို့ လေးဦးကို ဒဏ်ခတ်အရေးယူလိုက်တာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး OFAC က မနေ့က ထုတ်ပြန်ပါတယ်။
လုပ်ငန်းနှစ်ခုကတော့ ရွှေဗျိုင်းဖြူ ကုမ္ပဏီလုပ်ငန်းနဲ့ စစ်တပ်ပိုင် မြန်မာ့ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ မြန်မာ့ကြယ်ငါးပွင့် ရေကြောင်း ကုမ္ပဏီတို့ကို အရေးယူလိုက်တာပါ။ အဆိုပါ လုပ်ငန်းတွေဟာ မနှစ်ကတည်းက ကနေဒါနိုင်ငံကနေ အရေးယူဒဏ်ခတ်ထားပြီးတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
မြန်မာစစ်တပ်အတွက် စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ပံ့ပိုးကူညီသူတွေကို အရေးယူတာ ဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုဟာ ၂၀၀၀ ခုနှစ် ကုမ္ပဏီစတင်တည်ထောင်ချိန်ကစပြီး မြန်မာ့ဦးပိုင်နဲ့ မြန်မာစစ်တပ်အတွက် ရေနံတင်သွင်းဖြန့်ဖြူးနေသလို သူ့လက်အောက်ခံကုမ္ပဏီတွေကနေတဆင့် လောင်စာဆီတင်သွင်းကာ စစ်တပ်ပိုင် မြန်မာ့ဦးပိုင်လုပ်ငန်းနဲ့ အကျိုးအမြတ်တွေ ခွဲယူနေတယ်လို့ အမေရိကန်ဘက်က ပြောဆိုထားပါတယ်။
ရွှေဗျိုင်းဖြူကုမ္ပဏီဟာ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း MPTA ရဲ့အဖွဲ့ဝင်ကုမ္ပဏီဖြစ်ပြီး ရွှေဗျိုင်းဖြူ ဥက္ကဌ ဦးသိန်းဝင်းဇော်ဟာ MPTA ရဲ့ အလုပ်အမှုဆောင်ဖြစ်ပါတယ်။
MPTA ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ စစ်ဆင်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ စက်သုံးဆီလှူဒါန်းမှုတွေကို ဦးစီးဆောင်ရွက်ပေးခဲ့တယ်လို့ Justice for Myanmar ဖော်ထုတ်ထားပါတယ်။
မြန်မာမှာ စစ်အာဏာသိမ်း ၃ နှစ်ပြည့်နေ့တဲ့ ဒီကနေ့မှာ ဩစတြေးလျ အစိုးရကလည်း စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ MFTB ဘဏ်၊ MICB ဘဏ်တို့အပြင် စစ်အုပ်စုကို လေယာဉ်ဆီ တင်သွင်းရောင်းချပေးနေတဲ့ ကုမ္ပဏီသုံးခုကိုလည်း ဒဏ်ခတ်အရေးယူကြောင်း ကြေညာလိုက်ပါတယ်။
နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက စစ်ကောင်စီလက်နက်ဝယ်ယူရာမှာ အဓိကအသုံးပြုနေတဲ့ ဘဏ်တွေအဖြစ် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားတာ ဖြစ်ပြီး ဒီကနေ့ မှာဩစတြေးလျအစိုးရက ထပ်မံအရေးယူလိုက်တာပဲ ဖြစ်ပါတယ်။
အဆိုပါ ဘဏ်နှစ်ဘဏ်အပြင် Asia Sun Group ၊ Asia Sun Trading နဲ့ Cargo Link Petroleum Logistics ကုမ္ပဏီ သုံးခုကိုလည်း အရေးယူလိုက်ပါတယ်။ ဒီကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက အမေရိကန်အစိုးရကနေ အရေးယူထားပြီး ဖြစ်ပါတယ်။
စစ်အုပ်စုကို လေယာဉ်ဆီ တင်သွင်းရောင်းချပေးနေတဲ့ Asia Sun လုပ်ငန်းဟာ အနည်းဆုံး လက်အောက်ခံ ကုမ္ပဏီ ၄၀ နဲ့ ဆက်နွှယ်ကုမ္ပဏီ ၁၄ ခုအထိ ရှိပြီး Justice for Myanmar က ကုမ္ပဏီခွဲရှစ်ခုကို မှတ်တမ်းပြုစုနိုင်ခဲ့သလို ယင်းထဲမှ လုပ်ငန်းလေးခုကို သက်ဆိုင်ရာ နိုင်ငံတွေက ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်နိုင်ခဲ့တတယ်လို့ JFM က ထုတ်ပြန်ထားတာ ရှိပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း စစ်အုပ်စုကို ထောက်ပံ့နေတဲ့ ခရိုနီတွေ လုပ်ငန်းတွေရဲ့ ကနေဒါ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန် စတဲ့ နိုင်ငံတွေကို ဒဏ်ခတ်မှုတွေ တောက်လျှောက်လုပ်ဆောင်နေတာ ရှိသလို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရပ်သားတွေရဲ့ အသက်နဲ့ ဘဝတွေကို အကာအကွယ်ပေးဖို့ စစ်အုပ်စုဆီကို လက်နက်၊ စက်ကိရိယာ၊ နည်းပညာ၊ လေယာဉ်လောင်စာဆီ စီးဆင်နေမှုတွေ ဖြတ်တောက်နိုင်ရေး တပြိုင်နက် ပူးပေါင်းဆောက်ရွက်ကြဖို့ လိုတယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
