တော်လှန်တဲ့စိတ်ကိုမွေးမြူပြီး ဖက်ဆစ်စနစ်ဆိုးကိုအမြစ်ဖြတ်တိုက်ပွဲဝင်ပေးကြဖို့ ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားတွေတိုက်တွန်း
တော်လှန်တဲ့စိတ်ကိုမွေးမြူပြီး ဖက်ဆစ်စနစ်ဆိုးကိုအမြစ်ဖြတ်တိုက်ပွဲဝင်ပေးကြဖို့ ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားတွေတိုက်တွန်း

ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားတွေက ပြည်သူတွေကို တိုက်တွန်းတဲ့ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို စစ်အာဏာသိမ်းတာ၂ နှစ်ပြည့်တဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ ပြည်သူတွေအနေနဲ့အကြောက်တရားတွေ၊ ဖိနှိပ်သတ်ဖြတ်ရက်စက်မှုတွေအောက် ဒူးမထောက်၊ လက်မမြှောက်ဘဲ တော်လှန်တဲ့စိတ်ကိုမွေးမြူပြီး ဖက်ဆစ်စနစ်ဆိုးကို အမြစ်ဖြတ်တိုက်ပွဲဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ထောင်ထဲကနိုင်ငံရေးအကျဥ်းသားတွေအနေနဲ့လည်း ဖက်ဆစ်အကျဥ်းစခန်းအတွင်း တော်လှန်တဲ့ စိတ်ဓာတ်တွေမွေးမြူပြီး တနေ့တာငရဲခန်းတွေကို ကြံ့ကြံခံ၊ အံတုရင်း ရှင်သန်နေထိုင်နေတယ်လို့ ဆိုပါတယ်။
အခု စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ကာလကနေ စစ်အာဏာရှင် ယန္တရားချုပ်ငြိမ်းအဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ပေါက်လာတဲ့အထိ ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ပြီး တော်လှန်တိုက်ပွဲဝင်သွားမယ်လို့လည်း နိုင်ငံရေးအကျဉ်းသားတွေက ကတိပြုထားပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်အချိန်ကနေ လက်ရှိအချိန်ထိ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၆၆ ဦးခန့်နဲ့ အမျိုးသမီး ၄၉ ဦးခန့် ရှိနေပါတယ်။
The Tanintharyi Times