အာဖဂန်မှာ ဘိန်းစိုက်ခြင်းကို တာလီဘန်တားမြစ်

အာဖဂန်မှာ ဘိန်းစိုက်ခြင်းကို တာလီဘန်တားမြစ်

Photo: Javed Tanveer/ AFP

ကမ္ဘာမှာ ဘိန်းအများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်မှာ ပြည်သူတွေ ဘိန်းစိုက်ပျိုးထုတ်လုပ်တာတွေ မလုပ်ကြဖို့ တာလီဘန်အစိုးရက ဧပြီလ ၃ ရက်၊ တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ပြန် တားမြစ်လိုက်ပါတယ်။

“အဓိပတိကြီးရဲ့ အမိန့်အရ နိုင်ငံတစ်ဝန်းမှာ ပြည်သူတွေအနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်တာတွေ မလုပ်ကြဖို့ တင်းတင်းကြပ်ကြပ် တားမြစ်လိုက်ပါတယ်။ မလိုက်နာဘူးဆိုရင် ဘိန်းခင်းတွေကို ချက်ချင်း ဖျက်ဆီးပစ်ပြီး ချိုးဖောက်သူကိုလည်း ရှရီယာဥပဒေအရ အရေးယူမှာဖြစ်တယ်” ဟု အာဖဂန်ပြည်ထဲရေးဌာနက ကြေညာခဲ့ပါတယ်။

တာလီဘန်ခေါင်းဆောင်က ထုတ်ပြန်လိုက်တဲ့ အမိန့်အရ အခြားသော မူးယစ်ဆေးဝါးတွေကိုလည်း ထုတ်လုပ်ခြင်း၊ သယ်ယူခြင်း၊ သုံးစွဲခြင်း စတာတွေကိုပါ တစ်ပါတည်း တားမြစ်ထားပါတယ်။

အာဖဂန်နစ္စတန်မှာ ပြန်လည်အာဏာရယူခဲ့တဲ့ တာလီဘန် အစ္စလာမ်မစ် အုပ်စုအတွက် နိုင်ငံတကာ အသိအမှတ်ပြုခံရရေး၊ နိုင်ငံ့စီးပွားရေးကို အထိနာစေတဲ့ စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းရေးနဲ့ ပတ်သက်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဟာ နိုင်ငံတကာရဲ့ အရေးကြီးတဲ့ တောင်းဆိုချက်တစ်ခုလည်း ဖြစ်ပါတယ်။

တာလီဘန်တွေဟာ ယခင်တစ်ကြိမ် တိုင်းပြည်ကို ၎င်းတို့ အုပ်စိုးခဲ့စဉ် သက္ကရာဇ် ၂၀၀၀ ခုနှစ် ဝန်းကျင်ကလည်း နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့အတွက် ဘိန်းစိုက်ပျိုးမှုကို တားမြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆန့်ကျင်မှုတွေ ကြုံရပြီးနောက် သူတို့ရဲ့ အမိန့်ကို ပြန်ရုတ်သိမ်းခဲ့ရပါတယ်။

ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေအရ အာဖဂန်မှာ တစ်နှစ်တာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံအထိ အမြင့်ဆုံးရှိခဲ့ပြီး လတ်တလောကာလတွေမှာတော့ ပမာဏ ပိုများလာတယ်လို့ တောင်သူတွေက ပြောပါတယ်။

တိုင်းပြည်ရဲ့ ယိုယွင်းလာတဲ့ စီးပွားရေး အခြေအနေကြောင့်လည်း အာဖဂန်အရှေ့တောင်ပိုင်းဒေသက ပြည်သူတွေဟာ သမရိုးကျ စိုက်ပျိုးသီးနှံဖြစ်တဲ့ ဂျုံလိုသီးနှံတွေအစား အချိန်တိုအတွင်း မျိုးမျိုးမြက်မြက် အမြတ်ရနိုင်တဲ့ ဘိန်းကိုပဲ စိုက်ပျိုးကြပါတယ်။

တာလီဘန်တွေအနေနဲ့ အခုလို တားမြစ်မိန့် ထုတ်ပြန်ပေမယ့်လည်း ပြင်းထန်တဲ့ ဆန့်ကျင်အံတုမှုတွေ ကြုံလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ လတ်တလောကာလမှာ ဘိန်းစိုက်ပျိုးတဲ့ အာဖဂန်တောင်သူ အရေအတွက်ဟာ များပြားလာနေတာလည်း ဖြစ်ပါတယ်။

တောင်သူတစ်ဦးကတော့ တာလီဘန်အစိုးရက ဘိန်းစိုက်ပျိုးတာတွေကို တားမြစ်တော့မယ်လို့ သတင်းတွေ ထွက်လာကတည်းက ဘိန်းစျေးတွေ နှစ်ဆကျော်တက်သွားခဲ့ပြီး သူ့အနေနဲ့တော့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ဘိန်းကလွဲပြီး အခြားစိုက်စရာ သီးနှံမရှိဘူးလို့ ဆိုပါတယ်။

သတင်း - ဘန်ကောက်ပိုစ့်