စီးပွားရေး မြှင့်တင်ဖို့ လူငယ်တွေ အရက်ပိုသောက်ရန် ဂျပန်တိုက်တွန်း

စီးပွားရေး မြှင့်တင်ဖို့ လူငယ်တွေ အရက်ပိုသောက်ရန် ဂျပန်တိုက်တွန်း

ဂျပန်နိုင်ငံမှာ မျိုးဆက်သစ်လူငယ်တွေဟာ သူတို့မိဘတွေတုန်းကလောက် အရက်သေစာ မသောက်တော့လို့ အဖျော်ယမကာတွေအပေါ် ကောက်ခံရရှိနေတဲ့ အခွန်ငွေဟာလည်း လျော့နည်းလာတဲ့အတွက် လူငယ်တွေ အရက်ပိုသောက်ဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

ဂျပန်နိုင်ငံ အကောက်အခွန်ဌာနဟာ အရက်သေစာ ရောင်းဝယ်သုံးစွဲမှုကနေ ရရှိတဲ့ အခွန်ငွေကို မြှင့်တင်နိုင်ဖို့ လူငယ်တွေ အရက်ပိုသောက်လာစေမယ့် လှုံ့ဆော်မှုတွေ၊ ပြိုင်ပွဲတွေ ကျင်းပဖို့ စီစဉ်နေပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ပေးပို့ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

နာမည်ကြီး ဂျပန်အရက်ဖြစ်တဲ့ ဆာကေးကို အစွဲပြုပြီး ဆာကေးဗိုင်ဘာလို့ အမည်ပေးထားတဲ့ ကမ်ပိန်းတစ်ခု ကျင်းပပြီး အဲဒီကတစ်ဆင့် အရက်သောက်ခြင်းကို ပိုမိုဆွဲဆောင်နိုင်မယ့် အစီအစဉ် ပေါ်ထွက်လာဖို့ တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။

ဆာကေး၊ ဆိုဂျူး၊ ဝီစကီ၊ ဘီယာ၊ ဝိုင် စတဲ့ အရက်သေစာ တစ်မျိုးမျိုးကို အပေါင်းအဖော်တွေကြား ဝယ်လိုအား မြင့်လာစေမယ့် အိုင်ဒီယာတွေ ပေးပို့ဖို့ အသက် ၂၀ ကနေ ၃၉ နှစ်ကြား ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်ထားတာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပြောင်းသွားတဲ့ လူတွေရဲ့ အမူအကျင့်နဲ့ မြင့်တက်လာတဲ့ သက်ကြီးရွယ်အို အရေအတွက်ကြောင့် အရက်သောက်သုံးမှုဟာ ဂျပန်မှာ လျော့ကျလာတယ်လို့ သိရပါတယ်။

ဂျပန်အကောက်ခွန် အာဏာပိုင်တွေရဲ့ ယခုလှုံ့ဆော်မှုအပေါ် ကျန်းမာရေးနဲ့ မကိုက်ညီလို့ ဝေဖန်မှုတွေ ရှိသလို အချို့ကလည်း သူတို့ စိတ်ကူးအိုင်ဒီယာတွေ ချက်ချင်း ထုတ်ပြောနေကြပြီး အဲဒီထဲမှာ ဂျပန်နာမည်ကျော် မင်းသမီးတွေကို ဒီဂျစ်တယ်နည်းပညာ သုံးပြီး ဖျော်ဖြေရေးမယ်တွေအဖြစ် ပုံဖော်ဖို့လည်း ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်တုန်းက ဂျပန်တွေရဲ့ ပျမ်းမျှ အရက်သောက်သုံးမှုဟာ တစ်နှစ်ကို လီတာ ၁၀၀ လောက် ရှိပေမယ့် ၂၀၂၀ မှာတော့ ၇၅ လီတာသာ ရှိတော့တယ်လို့ ကိန်းဂဏန်း မှတ်တမ်းတွေအရ သိရပါတယ်။

ယမကာတွေအပေါ်က ကောက်ခံရရှိတဲ့ အခွန်ငွေဟာလည်း လျော့နည်းကျဆင်းနေပြီး ယခင်က အခွန်ငွေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းလောက် ရှိခဲ့ပေမယ့် အခုအခါမှာတော့ ၁ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ဂျပန်သတင်းအချို့က ဖော်ပြပါတယ်။

ကိုးကား – ဘီဘီစီ

The Tanintharyi Times