ဗင်နီဇွဲလားက စီအိုင်အေလျှို့ဝှက်စစ်ဆင်ရေးတွေ ဘယ်ဆီဦးတည်နေလဲ  – အပိုင်း (၁)

ဗင်နီဇွဲလားက စီအိုင်အေလျှို့ဝှက်စစ်ဆင်ရေးတွေ ဘယ်ဆီဦးတည်နေလဲ  – အပိုင်း (၁)

ဘာသာပြန်သူ- အက္ခရာ

ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ စီအိုင်အေလျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ဆောင်ခွင့်ပြုထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။

ဗင်နီဇွဲလားနဲ့ ပတ်သက်ပြီး လက်ရှိသမ္မတ နီကိုလပ်စ် မာဒူရိုကို ရာထူးက ဖယ်ရှားရေးအတွက် အမေရိကန်အာဏာပိုင်တွေရဲ့ မဟာဗျူဟာမြောက် ကြံစည်နေမှုကို  New York Times က စတင်ဖွင့်ချခဲ့တာပါ။

မကြာသေးမီ သီတင်းပတ်တွေအတွင်း ကာရေဘီယံပင်လယ်ပြင်က ဗင်နီဇွဲလားပိုင် သင်္ဘောတွေကို အမေရိကန်က အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ထရမ့်က အဆိုပါ ရေပြင်မှာ အမေရိကန် စစ်အင်အား တိုးချဲ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက်စစ်ရေး တင်းမာနေချိန်မှာ ဗင်နီဇွဲလားနယ်မြေကိုပါ မြေပြင်တိုက်ခိုက်မှု စတင်ပြုလုပ်ဖို့ စဥ်းစားနေတယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။

မာရူဒိုဘက်ကတော့ ဗုဒ္ဓဟူးနေ့ညက နိုင်ငံပိုင်ရုပ်သံကတဆင့်  အခြေအနေတွေကို ဒီထက်ပို တင်းမာမလာအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ကြဖို့ ထည့်သွင်းပြောကြားသွားပါတယ်။

“အရှက်တကွဲ ကျဆုံးခဲ့တဲ့ အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျားက စစ်ပွဲတွေကို ပြန်လည်အမှတ်ရစေမယ့် အုပ်ချုပ်ရေးစနစ်တွေကို ငြင်းဆိုပါတယ်။ စီအိုင်အေက အာဏာသိမ်းဖို့ ကြိုးပမ်းတာကို ငြင်းဆန်ပါတယ်။ လက်တင်အမေရိက က သူတို့ကို မလိုချင်ဘူး၊ မလိုအပ်ဘူး၊ သူတို့ကို ငြင်းပယ်ပါတယ်” လို့ ထရမ့်ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ပြန်လည်ချေပခဲ့ပါတယ်။

ကြာသပတေးနေ့မှာလည်း ကာရေဘီယံရေပြင်က ဗင်နီဇွဲလား သင်္ဘောတစ်စင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်အစိုးရက ထပ်မံ ကြေညာခဲ့ပါတယ်။

ဆိုတော့ ဒီလိုအခြေအနေတွေအရ ထရမ့်အနေနဲ့ ဘာဆက်လုပ်ဖို့ စီစဥ်နေတာလဲ။ သူ့လုပ်ရပ်တွေဟာ တရားဝင်ပါသလား။

ဗင်နီဇွဲလားက ဘယ်လို တုံ့ပြန်ခဲ့ပါသလဲ။ လက်တင်အမေရိကမှာ စီအိုင်အေရဲ့ လျှို့ဝှက်စစ်ဆင်ရေးပုံစံတွေ ဘယ်လိုရှိခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းက လက်ရှိ ကျွန်ုပ်တို့ကို ဘာတွေပြောနေသလဲ….စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားပါမယ်။

■ ထရမ့်က ဘာတွေ ကြေညာခဲ့သလဲ

“စီအိုင်အေကို ဗင်နီဇွဲလားထဲ ဝင်ဖို့ ဘာကြောင့် ခွင့်ပြုခဲ့တာလဲ” လို့ သတင်းထောက်တစ်ဦးက အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ကို မေးပါတယ်။

ထရမ့်က အခုလို ပြန်ဖြေပါတယ်။

“တကယ်တော့ အကြောင်းအရင်း နှစ်ခုကြောင့် ခွင့်ပြုခဲ့တာပါ။ ပထမ အချက်က သူတို့ [ဗင်နီဇွဲလား] က သူတို့ရဲ့ အကျဉ်းထောင်တွေကို အမေရိကန်ပြည်ထောင်စုထဲ ထုတ်လွှတ်လိုက်လို့ပါ။ နောက်တစ်ချက်ကတော့ မူးယစ်ဆေးဝါး ပါ။ ဗင်နီဇွဲလားကနေ မူးယစ်ဆေးဝါး အများကြီး ဝင်လာနေတယ်။ ဗင်နီဇွဲလားက မူးယစ်ဆေးဝါး အများစုက ပင်လယ်ကနေ ဝင်လာတာ၊ အဲဒါကို မင်းတို့ မြင်ရမှာပဲ၊ ဒါပေမဲ့ မြေပြင်ကနေလည်း ရပ်တန့်သွားအောင် လုပ်တော့မှာပါ” လို့ ပြောခဲ့ပါတယ်။

အဲ့ဒီနောက် “စီအိုင်အေမှာ မာဒူရိုကို အာဏာကနေ ဖယ်ရှားပိုင်ခွင့်ရှိလား” ဆိုတဲ့မေးခွန်းကိုတော့ ထရမ့်က “အိုး…အဲဒီလိုမေးခွန်းကို ငါမဖြေချင်ဘူး။ ဒါက ငါ့အတွက် မေးဖို့ မသင့်တဲ့ မေးခွန်းပဲ။ အင်း…တကယ်တော့ မသင့်တော်တဲ့ မေးခွန်းတော့လည်း မဟုတ်ဘူး၊ ဒါပေမဲ့ ငါဖြေဖို့ မသင့်တော်တဲ့ မေးခွန်းပဲ။ ဒါပေမဲ့ အခုဆိုရင် ဗင်နီဇွဲလားက ဖိအားတွေ ခံစားနေရပြီလို့ ငါထင်တယ်” လို့ ဝေ့လည်ကြောင်ပတ် ဖြေပါတယ်။

■ အမေရိကန်က ဘယ်လို စစ်ဆင်ရေးတွေ လုပ်ဆောင်ပြီးပြီလဲ။

မူးယစ်ဆေးဝါး မှောင်ခိုမှုမှာ ပါဝင်နေတယ်လို့ စွပ်စွဲပြီး ဗင်နီဇွဲလားရေပိုင်နက်ရှိ သင်္ဘောတွေကို ခြောက်ကြိမ် တိုင်အောင် အမေရိကန်ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ စစ်ဆင်ရေးတွေကြောင့် အနည်းဆုံး (၂၇) ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ဆင်ရေး (၆) ခုက…

  • စက်တင်ဘာ ၂ ရက်။    ။ အမေရိကန်ရဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်ပြီး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
  • စက်တင်ဘာ ၁၅ ရက်။    ။ အမေရိကန်ရဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
  • စက်တင်ဘာ ၁၉ ရက်။    ။ အမေရိကန်ရဲ့ တတိယ တိုက်ခိုက်မှုဖြစ်ပြီး လူ ၃ ဦး ထပ်မံသေဆုံးပါတယ်။
  • အောက်တိုဘာ ၃ ရက်။      ။ အမေရိကန်ရဲ့ စတုတ္ထမြောက် တိုက်ခိုက်မှုဖြစ်ပြီး သေဆုံးသူ ၄ ဦးအထိ ရှိခဲ့ပါတယ်။
  • အောက်တိုဘာ ၁၄ ရက်။     ။ အမေရိကန်ရဲ့ ပဉ္စမအကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
  • အောက်တိုဘာ ၁၆ ရက်။      ။ အမေရိကန်ရဲ့ဆဋ္ဌမမြောက် တိုက်ခိုက်မှုဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ အချို့ရှိတယ်လို့ အမေရိကန်အာဏာပိုင်တွေက ဆိုပါတယ်။

ထရမ့်နဲ့ အစိုးရအဖွဲ့ကတော့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ သင်္ဘောတွေဟာ အမေရိကန်ကို တင်ပို့မယ့် မူးယစ်ဆေးဝါးတွေ တကယ်သယ်ဆောင်ထားတယ်ဆိုတဲ့ သက်သေအထောက်အထား တစ်စုံတရာကို ယနေ့အချိန်ထိ အတိအလင်း ပြသထားခြင်း မရှိပါဘူး။
 
■ ကွန်ဂရက်ရဲ့ ခွင့်ပြုချက်မပါဘဲ လျှို့ဝှက် သို့မဟုတ် စစ်ရေးလှုပ်ရှားမှုတွေ စတင်နိုင်သလား

အမေရိကန်က ဗင်နီဇွဲလားသင်္ဘောတွေအပေါ် အခုလို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်နိုင်သလို အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း ဆန့်ကျင်နေတယ်လို့ ကျွမ်းကျင်သူတွေက Al Jazeera ကို ပြောကြားခဲ့ဖူးပါတယ်။

စီအိုင်အေ ကပဲ လုပ်လုပ်၊ အမေရိကန်စစ်တပ်ကပဲ လုပ်လုပ် ဗင်နီဇွဲလားမြေမှာ စစ်ဆင်ရေးလုပ်ဖို့ အခုလို အတိအလင်း ကြေညာလိုက်တာဟာ သမ္မတတစ်ဦးရဲ့ တရားဝင်လုပ်ပိုင်ခွင့်အတိုင်းအတာကို ရေပြင်ကျူးကျော်စစ်ပွဲတွေမှာ စမ်းသပ်တာထက် အများကြီး ကျော်လွန်သွားမယ့် အလားအလာရှိပါတယ်။

အဆိုပါ အမေရိကန်ရဲ့ သေစေနိုင်တဲ့အင်အားသုံးပြီး ပင်လယ်ပြင်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အခုလို စစ်ဆင်‌ရေးမျိုးဟာ အသက်ရှင်သန်ခွင့်ကို လေးစားရေးနဲ့ ဥပဒေ စိုးမိုးရေးကို ထည့်သွင်းစဥ်းစားမှုတွေ ရှိသင့်တယ်လို့ နယ်သာလန် Leiden University ရဲ့ တွဲဖက်ပါမောက္ခ ဆယ်လ်ဗာဒေါ ဆန်တီနို ရယ်ဂျီမဲ (Salvador Santino Regilme) က Al Jazeera မှာ ဝေဖန်ထောက်ပြထားပါတယ်။

“ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention on the Law of the Sea-UNCLOS) နဲ့ ၁၉၈၈ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးမှောင်ခိုမှု ကွန်ဗင်းရှင်းတွေ အရဆိုရင် ကနဦး သိမ်းကျုံးဖျက်ဆီးပစ်တာမျိုးထက် ပင်လယ်ပြင်မှာ ပူးပေါင်းဆောင်ရွက်မှု၊ သင်္ဘောပေါ်တက်ရောက်စစ်ဆေးမှုနဲ့ လိုက်လျောမှု၊ သဘောတူညီမှုရအောင် ဆောင်ရွက်ရေးဆိုတဲ့ စည်းမျဥ်းတွေကို ဦးစားပေးလိုက်နာရမှာ ဖြစ်ပါတယ်။ မူးယစ်မှောင်ခိုမှု သံသယရှိသူတွေကို သေဆုံးစေတဲ့ ဘယ်လို တိုက်ခိုက်မှုမဆို လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုကို ချက်ချင်းလုပ်ဆောင်ရမယ်” လို့ ရယ်ဂျီမဲက ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှေ့နေ Bruce Fein ကမူ အဆိုပါ အမေရိကန်ရဲ့ ပင်လယ်ပြင်စစ်ဆင်ရေးတွေကို ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာကလွဲလို့ ဘယ်လိုအခြေအနေမှာမဆို စစ်တပ်ကိုသုံးမယ်ဆိုရင် ကွန်ဂရက်ရဲ့ တရားဝင်ခွင့်ပြုချက်လိုအပ်တယ်။ ဗင်နီဇွဲလား မူးယစ်မှောင်ခိုသမားတွေလို့ စွပ်စွဲခံရသူတွေကို စစ်တပ်နဲ့ တိုက်ခိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တယ်” လို့  Fein က ပြီးခဲ့တဲ့လက Al Jazeera ကို ပြောခဲ့ပါတယ်။

၁၉၇၃ ခုနှစ် စစ်အာဏာဆိုင်ရာ ဆုံးဖြတ်ချက် (War Powers Resolution) ဆိုတဲ့ ဖက်ဒရယ်ဥပဒေဟာ အမေရိကန်သမ္မတတစ်ဦးအနေနဲ့ စစ်ပွဲမစတင်ခင်မှာ ကွန်ဂရက်ရဲ့ ခွင့်ပြုချက်ရယူဖို့ လိုအပ်ကြောင်း ပြဌာန်းထားတာပါ။

ဒီဥပဒေအရ အမေရိကန်သမ္မတဟာ စစ်ရေးလှုပ်ရှားမှု တစ်ခုခုကို စတင်ချိန်ကနေ ၄၈ နာရီအတွင်း ကွန်ဂရက်ကို အကြောင်းကြားဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ ကွန်ကရက်ရဲ့ အတည်ပြုမှုကို ရယူခဲ့ခြင်း မရှိပါဘူး။

သူ့ရဲ့ သက်တမ်းအစမှာကတည်းက ထရမ့်က ဗင်နီဇွဲလား မူးယစ်ဆေးဝါးဂိုဏ်းတွေကို ပြည်ပအကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီလို သတ်မှတ်မှုကိုယ်တိုင်ကကို တရားမဝင်ဘူးလို့ Fein က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ “နိုင်ငံခြားအကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်တဲ့ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာကြောင့်ပါ။

အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ “နိုင်ငံခြားအကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်နိုင်ဖို့ စံနှုန်းတွေမှာ အကြမ်းဖက်မှုကျူးလွန်တဲ့ အဖွဲ့ဟာ အမေရိကန် ပြင်ပမှာ အခြေစိုက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ရဲ့ လုပ်ရပ်တွေဟာ အမေရိကန် နိုင်ငံသားတွေရဲ့ လုံခြုံရေး ၊ ဒါမှမဟုတ် အမေရိကန်အမျိုးသားလုံခြုံ‌ရေးကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ အချက် ခိုင်လုံမှ ရမှာပါ။

အထက်ပါ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတွေကိုယ်တိုင်က သက်သေပြစရာ မရှိကြောင်း ပြောကြားထားပေမဲ့ ထရမ့်ကတော့ ဗင်နီဇွဲလား မူးယစ်ဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ မာဒူရိုရဲ့ ယန္တရားရှိနေတယ်လို့ ထပ်တလဲလဲ စွပ်စွဲထားပါတယ်။

■ ဗင်နီဇွဲလား ဘယ်လို တုံ့ပြန်ခဲ့သလဲ

ဗင်နီဇွဲလားဘက်ကလည်း အမေရိကန်ဟာ နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း တို့ကို ချိုးဖောက်နေတယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလား သမ္မတ မာဒူရိုက စစ်သည်တစ်သန်း အင်အားရှိပြည်သူ့စစ်တပ်ကို နေရာချထားတယ်လို့ ကြေညာခဲ့ပါတယ်။ စက်တင်ဘာလအစောပိုင်းကတည်းက နိုင်ငံတစ်ဝန်းက စစ်နေရာ (၁၈၄) နေရာ မှာ စစ်တပ်၊ ရဲ၊ နဲ့ အရပ်သားကာကွယ်ရေးတပ်တွေကို နေရာဖြန့်ကျက်ချထားတယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီတစ်လအတွင်းမှာပဲ “လိုအပ်ရင် စစ်တိုက်ဖို့ အသင့်ရှိတယ်” လို မာဒူရိုက Ciudad Caribia မှာ ကြေညာခဲ့ပြီး သူ့အစိုးရအနေနဲ့ “နာဇီ အစွန်းရောက်လှုပ်ရှားမှုတွေ” ကို “ရှေ့တန်းကနေ တိုက်ထုတ်မယ်။ ဗင်နီဇွဲလားကို နာဇီတွေက ၁၉၄၂ ခုနှစ်ကနေ ၁၉၄၄ ခုနှစ်အတွင်းမှာ ကာရေဘီယံကနေ ကျူးကျော်တိုက်ခိုက်ခဲ့ဖူးတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ကျုပ်တို့ဟာ  ဗြိတိသျှအင်ပါယာရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ သူတို့က သင်္ဘော ၂၁ စင်း စေလွှတ်ပြီး တိုက်ခိုက်တာကို လက်ဗလာနဲ့ ကျုပ်တို့လူတွေက တုတ်တွေ ဓားတွေ ကျောက်ခဲတွေနဲ့ ပြန်လည်ခုခံပြီး အနိုင်ရခဲ့တယ်။ ကျုပ်တို့ ငတုံးတွေမဟုတ်ခဲ့ဘူး။ ဘယ်တော့မှလည်း အဲ့လို ဖြစ်လာမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

တချိန်တည်းမှာပင် သူ့ရဲ့ အစိုးရ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုကို အရှိန်မြှင့်ခဲ့ပါတယ်။ စစ်သားတွေ အမျိုးသမီး၊ အမျိုးသားတွေ၊ သက်ကြီးရွယ်အိုတွေ စစ်ရေးလေ့ကျင့်တာ သေနတ်ပစ်ကျင့်တာ စတဲ့ ဗီဒီယိုဖိုင်တွေကို ထုတ်လွှင့်ပြသပါတယ်။

ဗင်နီဇွဲလား နိုင်ငံရေးသိပ္ပံပညာရှင် ကာလို့စ် ပီနာ Carlos Pina က ထရမ့်ရဲ့ ကြေညာချက်ဟာ ပြည်တွင်းက မာဒူရိုရဲ့ နိုင်ငံရေးအင်အားကို ပိုပေါင်းစည်းအောင် လုပ်ပေးလိုက်သလိုပဲလို့ သုံးသပ်ပါတယ်။

“ဒီနေ့မှာ ဗင်နီဇွဲလားသမ္မတက ဗင်နီဇွဲလားရဲ့ ပြည်တွင်းရေးမှာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ထပ်မံ ရှုတ်ချခဲ့ပါတယ်။ အထူးသဖြင့် ဝါရှင်တန်ရဲ့ လွှမ်းမိုးမှုတွေကို ဆန့်ကျင်ဖို့အတွက် လက်ဝဲအစိုးရတွေနဲ့ ပါတီအများအပြား အတိတ်မှာ အသုံးပြုခဲ့တဲ့ ကိုလိုနီဆန့်ကျင်ရေး မိန့်ခွန်းမျိုးနဲ့ ဆင်တူပါတယ်။ ဒါကဘာဖြစ်စေလဲဆိုတော့ ထရမ့်ရဲ့ ကြေညာချက်ဟာ ဗင်နီဇွဲလားအစိုးရကို သူလက်ရှိလုပ်ဆောင်နေတဲ့ ပြည်တွင်း ဖိနှိပ်မှုတွေနဲ့ ထောက်လှမ်းရေး ယန္တရားကို ပိုအားကောင်းအောင် မြှင့်ပေးလိုက်သလိုပါပဲ။ ဒီတော့ ပြည်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုအများအပြား ထပ်မံကြုံတွေ့လာဖို့သာရှိတော့တယ်” လို့ ပီနာက ဆိုပါတယ်။

■ အခြား လက်တင်အမေရိက နိုင်ငံတွေက ဘယ်လိုတုံ့ပြန်ခဲ့သလဲ

ကိုလံဘီယာသမ္မတ ဂူစတာဗို ပီထရို (Gustavo Petro) ဗုဒ္ဓဟူးနေ့က ထရမ့်ရဲ့ ကြေညာချက်ဟာ နောက်ဆက်တွဲ သူတို့နိုင်ငံကိုပါ ရိုက်ခတ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။  

“ရိုးရိုးသားသားပြောရရင် လက်ရှိဗင်နီဇွဲလားအစိုးရ ကျင့်သုံးနေတဲ့ မူဝါဒတွေကို ကျနော်မထောက်ခံပါဘူး… ဒါပေမဲ့ ကိုလံဘီယာအပေါ် သက်ရောက်လာနိုင်ခြေတွေရှိနေတယ်။ ဒီနေ့ကြေညာခဲ့တယ်လေ။ စီအိုင်အေအေးဂျင့်တွေ ဒါမှမဟုတ် အမေရိကန်မရိန်းတပ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေး ဒုံးကျည်တွေဟာ မူးယစ်ဆေးဝါးဂိုဏ်းသားတွေကို ဦးတည်ပစ်ခတ်နှိမ်နင်းနေတာပါလို့ ဘယ်လိုပဲ ဆိုဆို ကျ‌နော်တို့အားလုံး သိနေတာက ဒီလူတွေဟာ အရပ်သားလက်နက်မဲ့တွေ ဆိုတာပါပဲ။ ဒီတော့ ဒီကျည်ဆန်တွေ နယ်စပ်ဖြတ်ကျော်ပြီး ကိုလံဘီယာမြေပေါ် ကျလာရင်တော့ ကျုပ်တာဝန်ဖြစ်လာတော့မယ်” လို့တောင်ပိုင်း Putumayo ဌာနက ကျင်းပတဲ့ ပွဲမှာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး “ဒီလိုဖြစ်လာခဲ့ရင်တော့ ယခင်က  ကာလရှည်ကြာ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်ခဲ့တဲ့ ကိုလံဘီယာအစိုးရနဲ့ FARC-EP တို့အကြား 2016 က ထားရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် (Colombian resolution) ကို ဆန့်ကျင်တဲ့ ဖြစ်ရပ်လို့ သတ်မှတ်ရမှာပဲ” လို့ သူက ဆိုပါတယ်။  
 

(Al Jazeera သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ Elizabeth Melimopoulos နဲ့ Sarah Shamim တို့ ပူးပေါင်းရေးသားတဲ့ “Trump approves CIA operations in Venezuela: What we know, and what’s next” ကို ဘာသာပြန်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ )

The Tanintharyi Times