စစ်ကော်မရှင်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို ရက်ပေါင်း ၅၀၀ကျော်ကြာ ဟန့်တားနိုင်ခဲ့ဟု KNU ပြော

စစ်ကော်မရှင်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို ရက်ပေါင်း ၅၀၀ကျော်ကြာ ဟန့်တားနိုင်ခဲ့ဟု KNU ပြော

အာဏာသိမ်းစစ်ကော်မရှင်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးကို ရက်ပေါင်း ၅၀၀ကျော်ကြာ ဟန့်တားနိင်ခဲ့ပြီး ဒါဟာ စိတ်ဓါတ်ရေးရာအရ စစ်အောင်နိုင်ခြင်းရဲ့ သင်္ကေတ တခု ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။

KNUထိန်းချုပ်ထားတဲ့ အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကော်မရှင်တပ်က ထုတ်ပြန်ခဲ့ပြီးနောက် KNUဘက်က အခုလို တုန့်ပြန်လာတာ ဖြစ်ပါတယ်။

၂၀၂၄ခုနှစ် ဧပြီလ ဒုတိယအပါတ်က စတင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ဧပြီလ ၂၁ရက်က စတင် ဟန့်တား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခုနှစ် စက်တင်ဘာလ ၅ရက်နေ့အထိဆိုရင် ရက်ပေါင်း ၅၀၃ရက် ကြာမြင့်ခဲ့တယ်လို့ KNUက ပြောပါတယ်။

KNUက တလျောက်လုံးကျင့်သုံးခဲ့တဲ့ ခံစစ်ရှင်ဗျူဟာနဲ့ဘဲ စစ်တပ် ခြေကုပ်စခန်းတွေကို ကွပ်ကဲတဲ့နည်းဗျူဟာ စခန်းသုံးခု၊ အခြေချ စစ်ဗျူဟာစခန်းတစ်ခု၊ တပ်ရင်းဌာနချုပ် စခန်း ၈ ခုတို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးထိုးစစ်ကို ၅၀၃ရက်ကျော်ကြာ ပိတ်ဆို့ဟန့်တားနိုင်ခဲ့တဲ့အပြင် ကော့ကရိတ်မှာ အခြေပြုတဲ့ စကခ ၁၂ နဲ့ တပ်ရင်းဌာနချုပ် တချို့ကို ကနဦးမှာ KNLA ဦးဆောင်တပ်ဖွဲ့က ဝိုင်းပတ်ပိတ်ဆို့ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KNU တပ်မဟာ (၆) နဲ့ တပ်မဟာ (၇) နယ်မြေအတွင်းက စစ်ကော်မရှင်တပ်ရဲ့ မဆုတ်တမ်းနယ်စပ်ခြေကုပ်စခန်း‌ ၁၈ခု လုံးကို KNLA ဦးဆောင်တပ်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင် က နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးဂုဏ်သိက္ခာဆည်ဖို့ အာရှလမ်းမတစ်ခု ကိုသာ အာရုံစိုက်ခဲ့ပြီး စစ်သားမလုံလောက်လို့ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေနဲ့ အကျုံးဝင်တဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ဆေးတိုက်ကြွေးပြီး ဒိုင်းအဖြစ် အသုံးချကာ အဓမ္မမောင်းတင်ခဲ့တယ်လို့ KNUက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေထံရောက်လာတဲ့ စစ်သား အားလုံးနီးပါးဟာ စိတ်ကြွဆေးအရှိန်မပြယ်သေးဘဲ တပါတ်ကြာတဲ့အထိ ဦးနှောက်ပုံမှန်မဟုတ်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က စစ်သားတွေ တဒင်္ဂ အသိစိတ်ပျောက်အောင် လုပ်ဆောင်ကာ စက်ရုပ်တွေလို မောင်းတင်ပြီး လက်နက်ကြီး၊ အမြောက်၊ မစ်ဇိုင်းဒုံးကျည်၊ ဒရုန်း၊ လေကြောင်းပစ်ကူစတဲ့ သာလွန်အင်အားနဲ့ တပ်အရင်းအမြစ်အကုန် ထုတ်သုံးခဲ့တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးက မြေထုနဲ့ သယံဇာတအရင်းအမြစ်တွေကို နှစ်ပေါင်း ၇၀ ကျော် စိတ်ကြိုက်စီမံပြီး နိုင်ငံတကာရဲ့ ပံ့ပိုးမှု ရရှိထားတဲ့ စစ်တပ်ကို မည်သည့်နိုင်ငံထံမှ အကူအညီဘယ်သောအခါမှမရရှိတဲ့ KNU လက်အောက်ခံ တပ်မတော်က နိုင်ငံ‌တော်အဆင့် စစ်ဆင်ရေး ထိုးစစ်ကို ရက်ပေါင်း ၅၀၃ရက်ကျော် ပိတ်ဆို့နိုင်တာက ခံစစ်ရှင်ပျောက်ကြားနည်းဗျူဟာကို ကျော်လွန်ပြီး စိတ်ဓါတ်ရေးရာမှာ ဆီနဲ့ရေအသွင် ကွာခြားနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာရှလမ်းမကြီး စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ KNLA၊ KNDO၊ PDFနဲ့ MLA တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ KNUရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Connect Burma

The Tanintharyi Times