မင်းအောင်လှိုင်ကို ဘန်ကောက်ဖိတ်တဲ့ကိစ္စ ထိုင်းဝန်ကြီးချုပ်အနေနဲ့ ကြေလည်အောင်ရှင်းပြဖို့ လွှတ်တော်မှာတောင်းဆို

မင်းအောင်လှိုင်ကို ဘန်ကောက်ဖိတ်တဲ့ကိစ္စ ထိုင်းဝန်ကြီးချုပ်အနေနဲ့ ကြေလည်အောင်ရှင်းပြဖို့ လွှတ်တော်မှာတောင်းဆို

ငလျင်ဘေးကျရာက်နေချိန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ကို ဖိတ်ကြားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ဖယ်ထုန်တန် အနေနဲ့ကြေလည်အောင်ဖြေရှင်းပေးဖို့ လွှတ်တော်က တဆင့်တိုက်တွန်းခဲ့ပါတယ်။

ဧပြီလ ၃ ရက်နေ့မှာကျင်းပတဲ့ ထိုင်းအောက်လွှတ်တော်အစည်းအဝေးမှာ တရားမျှရေးပါတီ လွှတ်တော်အမတ် ကန်နာဝီ က အခုလိုဆွေးနွေးတိုက်တွန်းခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘင်းမ်စတက် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ဘန်ကောက်ကို နေ့လယ်နာရီမှာရောက်ရှိမှာဖြစ်တယ်လို့ ကန်နာဝီက ပြောပါတယ်။

မြန်မာ စစ်အာဏာရှင် ကိုထိုင်းနိုင်ငံမှာပြုလုပ်မယ့် နိုင်ငံတကာ အစည်းအဝေးကို ဖိတ်ကြားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဖယ်ထုံတန် အနေနဲ့ လွှတ်တော်နဲ့ ထိုင်းပြည်သူတွေကို အကြောင်းပြချက်ပေးဖို့ ပြင်ထားရမယ်လို့ ကန်နာဝီ က ဆိုပါတယ်။

“ မြန်မာစစ်အာဏာရှင်ဟာ ဘယ်နိုင်ငံ၊ ဘယ်ထိပ်သီးအစည်းအဝေးမှ တက်ရောက်ခွင့် မရတာကြာပါပြီ။ ရုရှားတို့ တရုတ်တို့ ပဲသူ့ကို အဖက်လုပ်ပြီးဖိတ်ပါတယ်။ အဲ့ဒီနိုင်ငံတွေပဲသွားခဲ့ရတယ်။ ဒါပေမယ့် မင်းအောင်လှိုင် တတိယမြောက်ခြေချတဲ့ နိုင်ငံ ထိုင်းတဲ့ဗျာ” လို့ ကန်နဝီက ထိုင်းလွှတ်တော်မှာ တင်ပြခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ်ဟာ သံတမန်ရေးအရ ထိလွယ်ရှလွယ်ဖြစ်တဲ့ ကိစ္စကြီးတစ်ခု သူ့သဘောနဲ့ သူဆောင်ရွက်ခဲ့တာကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံတကာဖိအားတွေအောက်ရောက်တော့မယ်လို့လည်း သူ ကပြောပါတယ်။

“ဝန်ကြီးအနေနဲ့ အကြောင်းပြချက်ကောင်းကောင်းပြင်ဆင်ထားပါ” လို့လည်း ကန်နာဝီကပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး မြန်မာပြည်သူတွေ ပူးဆွေးသောကရောက်ကာ ရောက်တစ်ကမ္ဘာလုံးကို စာနာနေချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဟာ သူ့တပ်ကိုဗုံးကြဲဖို့ အမိန့်ပေးနေတဲ့သူ ထိုင်းနိုင်ငံကို ဖိတ်ခေါ်လိုက်တာဖြစ်တယ်လို့ လည်း ကန်နာဝီကဝေဖန်ပါတယ်။

ငလျင်လှုပ်ခတ်တဲ့မတ်လ ၂၈ ရက်ကနေ ၃၁ ရက်အထိ မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ပေါင်း ၂၀ တိတိ လုပ်ဆောင်ခဲ့ပြီး အရပ်သား ၁၂ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့လည်း ကန်နာဝီက မြန်မာသတင်းတွေ နဲ့ နိုင်ငံတကာသတင်းတွေ က ဖော်ပြချက်တွေကို ကိုးကားပြီး လွှတ်တော်မှာရှင်းပြခဲ့တာပါ။

“ ကျွန်တော် ထပ်သိထားတယ်ဗျ။မြန်မာစစ်တပ်ဗုံးကြဲတာ မနေ့ကအထိ တိုက်ခိုက်မှု ၄၈ ကြိမ်ရှိခဲ့ပါတယ်” လို့ ကန်နာဝီကပြောပါတယ်။

လက်ရှိမှာတော့ မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကိုရောက်ရှိလာတော့မှာဖြစ်လို့ ဝန်ကြီးချုပ်အနေနဲ့ အကြောင်းအရင်းကို ရှင်းပြရမယ်လို့ပြောဆိုခဲ့ပါတယ်။

Connect Burma

The Tanintharyi Times