တနင်္သာရီ၊ တကူရွာကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲလို့ အမျိုးသမီးလေးဦးဒဏ်ရာရ

တနင်္သာရီ၊ တကူရွာကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲလို့ အမျိုးသမီးလေးဦးဒဏ်ရာရ

ပုံစာ - စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့တဲ့နေအိမ်တွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံအမျိုးသမီး

တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို စစ်ကောင်စီလေတပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီကနေ့မနက်အစောပိုင်းက တကူကျေးရွာအုပ်စု၊ သံတိုက်ရွာကို တိုက်လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်မှာ ပထမအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တကူရဲစခန်းအနီးဝန်းကျင်ကို ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တကူရွာဒေသခံတွေက ပြောပါတယ်။

ပထအကြိမ် ဗုံးကြဲတိုက်ခိုက်မှုမှာ အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး နေအိမ်နှစ်ဆောင် ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ ခေါင်းတွေ နောက်ကျောတွေမှာလည်းထိတယ်။ ပေါင်မှာတော့ ဒဏ်ရာတော်တော်ကြီးတယ်ဗျ” လို့ တကူကျေးရွာအုပ်စုနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲ့ဒီနောက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ သံတိုက်ရွာ၊ ရွာလယ်ပိုင်း၊ စာသင်ကျောင်းနဲ့ ကုန်စိမ်းဈေးအနီးဝန်းကျင်ကို ဒုတိယအကြိမ် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး ဗုံးသီးနှစ်လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုမှာ ဒေသခံအမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့ပြီး နောက်ထပ်နေအိမ်နှစ်ဆောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်မှာ ကြဲချခဲ့တဲ့ ဗုံးသီးနှစ်လုံးအနက် တစ်လုံးသာပေါက်ကွဲခဲ့ပြီး ဗုံးသီးနောက်တစ်လုံးကတော့ မပေါက်ကွဲသေးဘဲကျန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အခုလောလောဆယ် ဒီတိုင်းပဲ ထားထားသေးတယ်။ ပြီးရင် မိုင်းရှင်းလင်းရေးပြန်လုပ်ရမယ်” ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

တကူကျေးရွာအုပ်စု၊ သံတိုက်ရွာကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ချိန်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၉ ရက်နေ့ကလည်း မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စက်တော်ရာရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၃ ကြိမ်ထက်မနည်းလုပ်ဆောင်ခဲ့ပြီး ဗုံးသီးအလုံးရေ၇၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times