ကျင့်ဝတ်ဆိုင်ရာ လိုက်နာရန်အချက်များ
ကျင့်ဝတ်ဆိုင်ရာ လိုက်နာရန်အချက်များ
အခန်း(၁၁)
သတင်းဆောင်းပါးရေးသားခြင်းလက်စွဲ
အသက်မွေးဝမ်းကျောင်းတိုင်းမှာ လိုက်နာကြရမယ့် ကျင့်ဝတ်တွေရှိတဲ့အတွက် သတင်းစာပညာမှာလည်း ဒီတာဝန်ကို လိုက်နာကြရမှာပါပဲ။ ပထမဆုံးလက်ခံကြရမှာက စာရေးတဲ့အခါ ဖန်တီးစိတ်ကူးယဉ်ရေးသားတဲ့ ဝတ္ထုဆန်တဲ့စာမျိုး (Fiction) နဲ့ အရှိတရားကိုသာ ရေးသားတဲ့ (Non-Fiction) ဟာ တစ်ခုနဲ့တစ်ခု မတူဘူးဆိုတာပါပဲ။
သတင်းစာဆရာတွေ ရေးသားတဲ့စာကတော့ Non- Fiction ဖြစ်တဲ့အတွက် ဖန်တီးစိတ်ကူးယဉ် ရေးသားခွင့်မရှိပါဘူး။ ဒါကိုသတင်းဌာနကြီးတွေက တင်းတင်းကြပ်ကြပ် တားမြစ်ကြပါတယ်။ မရှိတဲ့ သတင်းရင်းမြစ်၊ ဘယ်သူမှ မပြောတဲ့စကား၊ မဖြစ်ပွားခဲ့တဲ့အဖြစ်အပျက် တွေကိုလုပ်ကြံရေးသားတာကို Fabricationလို့ ခေါ်ကြပါတယ်။
၁၉၈ဝ၊ စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပို့စ်သတင်းစာကြီးမှာ “ဂျင်မီရဲ့ကမ္ဘာ” (Jimmy’s World) ဆိုတဲ့ဆောင်းပါးရှည်တစ်ပုဒ် ပါခဲ့ပါတယ်။ ရေးသူကတော့ ဂျဲနက်ကွတ်ခ် (Janet Cooke) ဆိုတဲ့ အမျိုးသမီးသတင်းထောက်ဖြစ်ပါတယ်။ အတော်ကို စာရေးကောင်းသူတစ်ယောက်ပါ။ ဆောင်းပါးထဲမှာပါတဲ့ သူတွေကိုကာကွယ်ဖို့အတွက် သူတို့နာမည်တွေကို ပြောင်းလဲသုံးစွဲခဲ့တယ်လို့ ဂျဲနက်က ပြောပါတယ်။ အယ်ဒီတာ ကလည်း ခွင့်ပေးခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာ မူးယစ်ဆေးဝါးပြဿနာဟာ တော်တော်ဆိုးဆိုးဝါးဝါး ပြန့်ပွားနေခဲ့တဲ့အချိန်ပါ။ ဆောင်းပါးထဲက အဓိကဇာတ်ကောင်ကတော့ ဟီးရိုးအင်းစွဲနေတဲ့ ဂျင်မီဆိုတဲ့ကလေးတစ်ယောက် ဖြစ်ပါတယ်။ ဆောင်းပါးဟာ ဖတ်သူတိုင်းရဲ့ရင်ထဲကိုထိရှစေပြီးတော့ အဲဒီအချိန်က အမေရိကန်ရဲ့ခေတ်အခြေအနေကို ပေါ်လွင်စေပါတယ်။
နောက်ဆုံးတော့ ၁၉၈၁၊ ဧပြီ ၁၃ ရက်နေ့မှာ အဲဒီဆောင်းပါးနဲ့ ဂျဲနက်ကွတ်ခ်က ပူလစ်ဇာဆုကြီးကို ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ဂျင်မီဆိုတဲ့ကလေးနဲ့ တခြားသတင်းရင်းမြစ်တွေဟာ အပြင်မှာ တကယ်မရှိဘူးဆိုတဲ့ အသံတွေထွက် လာတဲ့အခါမှာ ဝါရှင်တန်ပို့စ်သတင်းစာကြီးက စုံစမ်းစစ်ဆေးတဲ့အခါ ဂျဲနက်ဟာငိုယိုပြီး ဝန်ခံခဲ့ရပါတယ်။ နောက်တစ်နေ့မှာတော့ အယ်ဒီတာ ဘင်ဘရက်ဒ်လေ (Ben Bradlee) က ပူလစ်ဇာဆုကို ပြန်အပ်တော့မယ်လို့ သတင်းခန်းတစ်ခုလုံးကို ကြေညာခဲ့ပါတယ်။
ပင်တဂွန် စာရွက်စာတမ်းများ (Pentagon Papers) နဲ့ ဝါးတားဂိတ်တို့လို စုံစမ်းဖော်ထုတ်မှုတွေကြောင့် ပြည်သူတွေအကြားမှာ အင်မတန်လေးစားခံခဲ့ရတဲ့ ဝါရှင်တန်ပို့စ် အတွက်အရှိုက်ကို ထိုးနှက်ခံလိုက်ရတာပါပဲ။ ပို့စ်ရဲ့ သတင်းထောက်အများအပြားဟာ ဂျဲနက်နဲ့ အယ်ဒီတာအချို့ကိုပါ အင်မတန် စိတ်ဆိုးခဲ့ကြပါတယ်။ အလုပ်ကထွက်သွားတဲ့ သူတွေတောင် ရှိခဲ့ပါတယ်။ တကယ်တော့ ဒီဖြစ်ရပ်ဟာ ဝါရှင်တန်ပို့စ်သတင်းစာ တစ်စောင်တည်း မကပါဘူး၊ သတင်းလုပ်ငန်းကြီး တစ်ခုလုံးကိုပါ ထိခိုက်စေခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကစပြီး သတင်းထောက်တွေဟာ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကိုသုံးမယ်ဆိုရင် အယ်ဒီတာတွေကိုတော့ သတင်း ရင်းမြစ်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းပြောပြဖို့ လိုတယ်ဆိုတဲ့စည်းကမ်းကို သတ်မှတ်ခဲ့ကြပါတယ်။
ဂျဲနက်ကွတ်ခ်ဟာ သတင်းစာလောကမှာ အလုပ်လုပ်ခွင့် မရတော့ပါဘူး။ လုပ်ကြံရေးသားတဲ့ Fabrication ဟာ ကြီးမားတဲ့ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုဖြစ်ပါတယ်။ ဖီချာဆောင်းပါး တစ်ပုဒ်ဟာ ဘယ်လောက်ပဲဖတ်လို့ကောင်းကောင်း အစစ်အမှန် မဟုတ်ရင် တန်ဘိုးမရှိပါဘူး။
ကျင့်ဝတ်နဲ့ပတ်သက်လို့ နောက်ထပ်ဆွေးနွေးချင်တဲ့ အချက်တစ်ခုကတော့ ကိုယ်ယုံကြည်တဲ့နိုင်ငံရေးရပ်တည်ချက်က ကိုယ့်စတိုရီကိုပုံပျက်စေခဲ့တာမျိုး ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်အချိန်တွေကို ပြန်သွားကြရအောင်ပါ။
အဲဒီအချိန်က ဆိုဗီယက်ပြည်ထောင်စုကြီးဆို တာဟာ ကမ္ဘာမှာအကြီးမားဆုံး ကွန်မြူနစ်ပြည်ထောင်စုကြီး ဖြစ်ပါတယ်။ ဆိုဗီယက်ကွန်မြူနစ်ပါတီခေါင်းဆောင် ဂျိုးဇက်စတာလင်က ဦးဆောင်ပါတယ်။ ဒီပြည်ထောင်စုကြီးထဲမှာ နောင်တစ်ချိန် ခွဲထွက်သွားကြမယ့် ရုရှ၊ ယူကရိန်း၊ ဂျော်ဂျီယာတို့အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံလောက် ပါဝင်ပါတယ်။
ယူကရိန်းပြည်သူတွေက ဆိုဗီယက်
ပြည်ထောင်စုကနေ ခွဲထွက်ပြီး လွတ်လပ်ရေးရချင်ကြပါတယ်။ ဒါကို ဒေါသူပုန်ထတဲ့ ခေါင်းဆောင်ကြီးစတာလင်က သူတို့ကိုဆုံးမတဲ့အနေနဲ့ ယူကရိန်းကထွက်တဲ့ ဂျုံတွေအားလုံးကိုသိမ်းယူပါတယ်။ ယူကရိန်းဟာ ကမ္ဘာပေါ်မှာဂျုံအထွက်အများဆုံးနိုင်ငံထဲမှာပါပါ တယ်။
ဂျုံတွေကို တစ်စေ့မကျန်သိမ်းယူလိုက်တဲ့အခါမှာ ယူကရိန်းပြည်သူတွေဟာ သမိုင်းမှာကြောက်စရာအကောင်းဆုံး အငတ်ဘေးနဲ့ ရင်ဆိုင်ကြရပါတော့တယ်။
၁၉၃၂ နဲ့ ၁၉၃၃ ခုနှစ်တွေအတွင်း ယူကရိန်းပြည်သူတွေ သန်းနဲ့ချီပြီး သေဆုံးခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်ကို “အငတ် ထားပြီးသတ်ဖြတ်ခြင်း”၊ ယူကရိန်းဘာသာမှာတော့ Holodomor လို့ ခေါ်ကြပါတယ်။
အင်တာနက်မရှိ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေက ခေတ်မမှီ၊ ကွန်မြူနစ်အာဏာရှင်တွေရဲ့ သံကန့်လန့် ကာအောက်မှာ ယူကရိန်းပြည်သူတွေရဲ့ ဒုက္ခကို ကမ္ဘာကမသိခဲ့ကြပါဘူး။
ဗြိတိန်က ဝေလနယ်သားလူငယ်သတင်းစာဆရာ ဂါရက်ဂျုံးစ်ကတော့ ဒီအကြောင်းကိုသေသေချာချာ စုံစမ်းထောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူကမော်စကိုကို သွားခဲ့ပါတယ်။ မော်စကိုမှာရှိနေပြီးသား နိုင်ငံခြားသတင်းထောက်တွေကတော့ ဒီဖြစ်ရပ်ဟာ ပုံကြီးချဲ့ပြောတာပါလို့ အကြောင်းပြကြပါတယ်။ သူတို့ ထဲမှာအပြင်းထန်ဆုံးကတော့ နယူးယောက်တိုင်း သတင်းစာကြီးရဲ့ မော်စကိုဗျူရိုခေါင်းဆောင် ဝေါ်လ်တာ ဒူရန်တီပဲ ဖြစ်ပါတယ်။
ဂါရက်ဂျုံးစ်ဟာ သူ့ကိုခွင့်မပေးတဲ့ကြားက ရထားစီးပြီး ယူကရိန်းကို အရောက်သွားခဲ့ပါတယ်။ နှင်းတောထဲမှာ မိုင် ၄ဝ လောက်လမ်းလျှောက်ပြီး ကျေးလက်ကပြည်သူတွေနဲ့ စကားပြော၊ ရင်ဖွင့်သံတွေကို နားထောင့်ခဲ့ပါတယ်။ နေရာတိုင်းမှာ သူကြားခဲ့ရတာတွေကတော့ “စားစရာ ပေါင်မုန့်တစ်ချပ်မှမရှိတော့ပါဘူး၊ ကျွန်တော်တို့ သေရပါတော့မယ်” ဆိုတဲ့စကားတွေပါပဲ။
သူမြင်တွေ့ ခဲ့ရတာတွေကတော့ အစာငတ်ပြတ်ပြီးနှင်းတောထဲမှာ လဲကျသေဆုံးနေတဲ့ ယူကရိန်းပြည်သူတွေရဲ့အလောင်းတွေဖြစ်ပါတယ်။ ဂါရက်ဂျုံးစ် ယူကရိန်းကပြန်လာတဲ့အခါမှာ အစုလိုက် အပြုံလိုက်သေဆုံးနေကြရတဲ့ Holodomorအကြောင်းကို ကမ္ဘာကသိအောင် သတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။ စာဖတ်သူတွေကတော့ ယုံတစ်ဝက် မယုံတစ်ဝက်ပါပဲ။ ဒီအချိန်မှာ နယူးယောက်တိုင်းရဲ့ မော်စကိုဗျူရိုခေါင်းဆောင် ဝေါ်လ်တာဒူရန်တီက သူ့သတင်းစာမှာ ဆိုဗီယက်မှာ အငတ်ဘေးဆိုတာမရှိဘူးဆိုတဲ့ဆောင်းပါးကိုရေးခဲ့ပါတယ်။ တကယ်ကတော့ ဂါရက်ဂျုံးစ်ရဲ့ဆောင်းပါးဟာ မမှန်ဘူးလို့ သူကငြင်းဆိုခဲ့တာပါ။
အဲဒီနှစ်က ပူလစ်ဇာဆုကို အဲဒီဆောင်းပါးနဲ့ ဝေါ်လ်တာ ဒူရန်တီ ရရှိခဲ့ပါတယ်။ အမှန်တရားဟာ မှေးမှိန်ခဲ့ရပါတယ်။ ဒါပေမယ့် သမိုင်းဟာအမှန်တရားကို ကြာကြာဖျောက်ကွယ်မထားပါဘူး။ တစ်ချိန်မှာတော့ ဂျုံးစ်မှန်ပြီး ဒူရန်တီမှားတယ်ဆိုတာကို ကမ္ဘာက သိလာကြပါတယ်။
နိုင်ငံတကာကသတင်းဆရာတချို့ ပူးပေါင်းပြီး ဒူရန်တီကို ပေးထားတဲ့ဆုကို ပြန်ရုတ်သိမ်းပေးဖို့ ပူလစ်ဇာကော်မတီကို လက်မှတ်ရေးထိုးတင်ပြခဲ့ကြပါတယ်။ ဂျုံးစ်ရဲ့တူမ ကိုယ်တိုင်လည်း ပူလစ်ဇာကော်မတီကို အိတ်ဖွင့်ပေးစာ
ပေးပို့ခဲ့ပါတယ်။ (ဒါပေမယ့်ပူလစ်ဇာကော်မတီကတော့ ဆုံးဖြတ်ချက်ကို မပြင်ဆင်ခဲ့ပါဘူး။)
၁၉၃၅ ခုနှစ်မှာ ဂါရက်ဂျုံးစ်ဟာ မန်ချူးကိုးမှာ အသတ်ခံခဲ့ရပါတယ်။ ဆိုဗီယက်စပိုင်တွေက သူ့ကို လက်စားချေခဲ့တာလို့ တချို့ကယူဆကြပါတယ်။
ဝေါ်လ်တာဒူရန်တီဟာ ဂျုံးစ်ရဲ့ အမှန်တရားဖေါ်ထုတ်မှုကို ဘာကြောင့်တိုက်ခိုက်ခဲ့ပါသလဲ။
ဒုတိယကမ္ဘာစစ် စတင်ဖို့ စစ်ရိပ်စစ်ငွေ့ တွေသန်းလာနေတဲ့အချိန်မှာ ဥရောပမှာတန်ခိုးထွားလာနေတဲ့ ဟစ်တလာနဲ့ နာဇီတွေကို တိုက်ခိုက်ဖို့ အမေရိကန်ပြည်ထောင်စုဟာ ဆိုဗီယက်နဲ့လက်တွဲဖို့ လိုအပ်တယ်လို့ ဒူရန်တီကယုံကြည်ခဲ့ပါသတဲ့။ ဒါကြောင့် ဆိုဗီယက်ခေါင်းဆောင်စတာလင်နဲ့ သူ့တိုင်းပြည်ရဲ့ပုံရိပ် အနောက်နိုင်ငံတွေကြားမှာ မကျဆင်းဖို့ သူက ဒီလိုဖုံး ကွယ်ရေးသားခဲ့တယ်လို့ တချို့ ပညာရှင်တွေက ယူဆကြပါတယ်။ တကယ့်အကြောင်းအရင်းမှန်ကတော့ ဒူရန်တီ ကိုယ်တိုင်ပဲသိနိုင်မှာပါ။
အချုပ်ပြန်ပြောရရင် ကိုယ်ယုံကြည်တဲ့ရပ်တည်ချက်က ကိုယ်ဖော်ပြတဲ့အမှန်တရားကို ပျက်ယွင်းအောင် မပြုလုပ်မိဖို့ ဖြစ်ပါတယ်။ လူတိုင်း ဘက်လိုက်ပါတယ်၊ လူတိုင်းမှာ ရပ်တည်ချက် ရှိပါတယ်။ ဒါပေမယ့် သတင်းစာဆရာတစ်ယောက်အနေနဲ့ စတိုရီကိုတင်ဆက်ပြီဆိုရင်တော့ အမှန်ကို မဖုံးကွယ်ဖို့လိုအပ်ကြောင်းပါ။
အခြားကျင့်ဝတ်ဆိုင်ရာလိုက်နာစရာတွေ အများအပြား ရှိပေမယ့် အခုပြောတဲ့အချက်နှစ်ချက်ကတော့ အခုအချိန်မှာ မြန်မာသတင်းစာဆရာတွေ နှလုံးသွင်းကြဖို့ အရေး တကြီးလိုအပ်တယ်ထင်လို့ ဖော်ပြတာဖြစ်ပါတယ်။ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေတစ်ဦးနဲ့တစ်ဦး အဝေးကလှမ်းပြီးအလုပ်လုပ်နေရတဲ့အခြေအနေမျိုးမှာ လုပ်ကြံရေးသားထားတဲ့ သတင်းရင်းမြစ်တွေ၊ ပြောစကားတွေ၊ ဖြစ်ရပ်တွေပါမလာအောင် သတင်းထောက်တွေက ဆင်ခြင်ရမှာဖြစ်သလို အယ်ဒီတာတွေကည်း သတိထား စစ်ဆေးကြရမှာပါ။
ဒီလိုပဲ နိုင်ငံရေးဆိုင်ရာခံစားချက်တွေမြင့်တက်နေတဲ့ အချိန်မှာ အဖွဲ့ အစည်းတွေရဲ့လွှမ်းမိုးမှုတွေ၊ ကိုယ်ပိုင်ရပ်တည်ချက်တွေကြောင့် မှားယွင်းတဲ့စတိုရီတွေကို မတင် ဆက်မိဖို့ သတင်းခန်းက သတိထားကြရပါလိမ့်မယ်။
The Tanintharyi Times
