ကျွန်းစုမှာ အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားငါးဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ကျွန်းစုမှာ အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားငါးဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ကျွန်းစုမြို့နယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ဝါရစ်ရွာလှေဆိပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။

နောက်တစ်ရက် အခုလ ၁၈ ရက်နေ့မှာ ဝါရစ်ရွာက ဇနီးမောင်နှံ၊ ဆန်းသစ်ရွာက ဇနီးမောင်နှံနဲ့အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး စုစုပေါင်းငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဝါရစ်ရွာက ဇနီးမောင်နှံဟာ ဝါရစ်ရွာနဲ့ မွှေးရှောင်ရွာကို ကူးတို့လှေဆွဲနေတဲ့သူတွေဖြစ်ပြီး လှေဆွဲနေတဲ့အချိန်မှာပဲ ဝင်ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့နှစ်ယောက်က ကူးတို့ဆွဲနေတာဆိုတော့‌ လှေဆိပ်အကြောင်းသတင်းပေးတယ်ဆိုပြီး စွပ်စွဲချက်နဲ့ဖမ်းသွားတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဆန်းသစ်ရွာက ဇနီးမောင်နှံကတော့ ရွာကလယ်ထဲ စပါးရိတ်သိမ်းနေချိန် လယ်ထဲမှာ ဝင်ဖမ်းသွားတာဖြစ်ပြီး ကျန်တဲ့အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကိုတော့ သူ့ရဲ့အိမ်မှာရှိနေတုန်း အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒရုန်းချတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်က အရပ်သား ငါးဦးကိုဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့အားလုံးကို မောင်းလှော်ရွာက ပျူစောထီးစခန်းကိုဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလ ၂၁ ရက်နေ့မှာတော့ ဝါရစ်ရွာက အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကျန်တဲ့သူတွေကိုတော့ မြိတ်ဘက်ကို ဖမ်းခေါ်သွားတယ်လို့ သတင်းထွက်နေပေမယ့် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ ဝါရစ်ရွာထဲမှာ စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းထိုးသွားလာနေတာကြောင့် ရွာခံတချို့ လုံခြုံရေးစိုးရိမ်ပြီး နေရပ်စွန့်ခွာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျွန်းစုမြို့နယ်ထဲက မင်းဂုတ်၊ မောင်းလှော်၊ ဂျိုးတောင်၊ ဝါရစ်ရွာတွေကို စစ်ကောင်စီတပ်သားအင်အား ၂၀၀ ဝန်းကျင်နဲ့ ဖြန့်ကျက်ထားပြီး အဲဒီရွာတွေဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုရှိနေတဲ့ ရွာတွေဖြစ်ပါတယ်။

The Tanintharyi Times