မြိတ်ကဗလီတစ်လုံးကို လော်စပီကာအသံကျယ်လောင်တယ်လို့ အကြောင်းပြပြီး ဝတ်ပြုခွင့်ပိတ်

မြိတ်ကဗလီတစ်လုံးကို လော်စပီကာအသံကျယ်လောင်တယ်လို့ အကြောင်းပြပြီး ဝတ်ပြုခွင့်ပိတ်

မြိတ်မြို့ နယ်၊ တညက်ကျေးရွာက ဗလီတစ်လုံးကို လော်စပီကာအသံကျယ်လောင်တယ်လို့ အကြောင်းပြပြီး ပျူစောထီးအဖွဲ့တွေက ဝတ်ပြုခွင့်ပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပိတ်ခံရတဲ့ဗလီဟာ အစ္စလာမ်ဘာသာဝင်တွေအများစုနေထိုင်တဲ့ တညက်ကျေးရွာအုပ်စု ကျောင်းတောင်ရွာက ဗလီဖြစ်ပါတယ်။

အဲဒီဗလီက ဘုရားဝတ်ပြုဖို့ ဖိတ်ခေါ်တဲ့အသံ(အာဇန်အသံ)ကို နားပူတယ်ဆိုပြီးတိုင်ကြားလာတာရှိလို့ ပိတ်ခိုင်းတာလို့ ပျူစောထီးတွေဘက်က ပြောဆိုခဲ့တာပါ။

“ပျူစောထီးခေါင်းဆောင်ကိုယ်တိုင်က ခေါ်ပြောတာ။ အကန့်အသတ်မရှိလို့ပြောတယ်။ အခုဆိုလေးရက်ရှိပြီပေါ့ ဝတ်ပြုလို့ မရ‌တော့ဘူး” လို့ တညက်ရွာခံ အမျိုးသားတစ်ဦးကပြောပါတယ်။

ကျေးရွာ ၈ ရွာရှိတဲ့ တညက်ကျေးရွာအုပ်စုထဲမှာ ဗလီ ၈ လုံးရှိပြီး အဲဒီထဲကတစ်လုံးကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ပျူစောထီးတွေ အကြောင်းပြတဲ့ ဘုရားဝတ်ပြုဖို့အတွက် ဖိတ်ခေါ်တဲ့အသံဟာ စပီကာအငယ်နဲ့ဖွင့်တာသာဖြစ်ပြီး အသံအရမ်းမကျယ်ဘူးလို့ ရွာခံတွေက ပြောပါတယ်။

“တစ်ရက်ကိုငါးကြိမ်ခေါ်တယ်။ အသံကအရမ်းမကျယ်ပါဘူး။ တစ်ခါခေါ်ရင် အဲဒါကတစ်မိနစ် နှစ်မိနစ်အလွန်ဆုံးပဲ။ အဲဒီထက်ပိုမကြာပါဘူး” လို့ တညက်ရွာခံက အစ္စလာမ်ဘာသာဝင်တစ်ဦးက ဆက်ပြောပါတယ်။

အဲဒီလိုပိတ်ဖို့ ဗလီရဲ့ အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကတိုင်ကြားခဲ့တာလို့ ပျူစောထီးခေါင်းဆောင်ကပြောခဲ့တဲ့အကြောင်း ရွာခံတွေကဆဆင့်ပြန်ပြောပြပါတယ်။

ကျောင်းထိုင်ဘုန်းကြီးကတိုင်ကြားခဲ့တာဟုတ်မဟုတ်ကိုတော့ တနင်္သာရီတိုင်းမ်က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

တညက်ရွာခံအမျိုးသားကတော့ “ဘုန်းကြီးကျောင်းတွေလည်းဖွင့်တာပါပဲ အရင်တစ်ပတ်ကပဲ ကထိန်ဆိုပြီးညလုံးပေါက် သီချင်းတွေအကျယ်ကြီးဖွင့်တာ။ ဘာသာခြားတွေအတွက် မတရားဘူးပေါ့။ ဒီမှာ အရင်ကတည်းက ဘာသာမတူလည်းအကုန်အဆင်ပြေတယ်။ ပျူစောထီးတွေက တမင်သက်သက်သွေးထိုးနေတာ” လို့ ပြောပါတယ်။

ရွာခံပျူစောထီးတွေဟာ အခုလအစမှာလည်း တညက်ရွာမှာရှိတဲ့ ဘာသာရေးဆရာတွေကို စစ်မှုထမ်းလစာအတွက်ဆိုပြီး လစဥ်တစ်အိမ်ကိုနှစ်သောင်းကောက်ပေးဖို့ ဖိအားပေးစေခိုင်းခဲ့ဖူးပါတယ်။

အဲဒီလိုကောက်ခိုင်းတာကို ဘာသာရေးဆရာတွေကမကောက်ပေးလို့ ဗလီကို အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပစ်တာဖြစ်နိုင်တယ်လို့ လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

အခုနှစ်မေလကလည်း တညက်ကျေးရွာက အစ္စလာမ်ဘာသာရေးကျောင်း ၁၂ ကျောင်းကို ပျူစောထီးတွေကက ပိတ်ပစ်ခဲ့ပါသေးတယ်။ အဲဒီကျောင်းတွေလည်း လက်ရှိအချိန်ထိ စာသင်ခွင့်မရသေးဘူးလို့ သိရပါတယ်။

တညက်ကျေးရွာအုပ်စုဟာ မြိုတ်မြို့ ကနေ ၁၀ မိုင်ကျော်ကွာဝေးပြီး ကျေးရွာတွေအတွင်း အစ္စလာမ်ဘာသာဝင်အများစုနေထိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

The Tanintharyi Times