လောင်းလုံးကို အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ခုက တစ်ပြိုင်တည်းစစ်ကြောင်းထိုးနေ

လောင်းလုံးကို အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ခုက တစ်ပြိုင်တည်းစစ်ကြောင်းထိုးနေ

ပုံစာ - စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ ရွာတွေ။

လောင်းလုံးမြို့နယ်က အထင်ကရကမ်းခြေရှိတဲ့ ကျေးရွာတွေကို အင်အားတစ်ရာကျော်စီပါတဲ့ စစ်ကောင်စီစစ်ကြောင်းနှစ်ခုက တစ်ပြိုင်တည်း စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ ရွာတွေကတော့ ထားဝယ်ဒေသမှာ မောင်းမကန်‌ကမ်းခြေရှိတဲ့ မောင်းမကန်ကျေးရွာတစ်ဝိုက်နဲ့ ဖိုးဖိုးကျောက်ကမ်းခြေရှိတဲ့ ညောပြင်ရွာတစ်ဝိုက်မှာ ဖြစ်ပါတယ်။

မနေ့ မနက်ပိုင်းမှာ မောင်းမကန်ရွာကို အင်အားတစ်ရာ‌ကျော်ပါတဲ့ စစ်‌ကောင်စီစစ်ကြောင်းတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့ညပိုင်းက မောင်းမကန်ရဲစခန်းမှာ တစ်ညတပ်စွဲပြီးနောက် ဒီကနေ မနက်ပိုင်းမှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်ရှိတဲ့ နဘုလယ်ဒေသဘက်ကို ဦးတည်ပြီး ခြေလျင်စစ်ကြောင်းဆက်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ရောက်လာပြီးတော့ ညကသေနတ်သံတွေ လက်နက်ကြီးသံတွေကြားရတယ်။ ပြီးတော့ အခုမနက် ဟိုတစ်ခုဒီတစ်စုခွဲပြီး ထွက်သွားတယ်။ ရွာထဲတော့ စစ်တာမေးတာလောက်ပဲရှိတယ်” လို့ မောင်းမကန်ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မွန်းလွဲပိုင်းမှာတော့ မောင်းမကန်ရွာကတဆင့် ပန်းတင်အင်းရွာကိုကျော်ပြီး နဘုလယ်ဒေသဘက်ကို ဆက်သွားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပန်းတင်အင်းလွန်ပြီးတော့ အိမ်တွေရိုက်ဖျက်ပြီး ဝင်မွှေနေတယ်” အနီးအနားမှာနေထိုင်တဲ့ ဒေသခံတွေ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်း မောင်းမကန်ရွာကို မ‌ရောက်ခင်ရက်ကတော့ မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေဘက်က လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မောင်းမကန်ရဲစခန်းကိုလာရောက်တိုက်ခိုက်တဲ့ အခုလ ၅ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအများအပြားထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပေမဲ့ နှစ်ဖက်ထိခိုက်မှုအခြေအနေသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အလားတူ လောင်းလုံးမြို့ နယ်အောက်ပိုင်းက ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ် ဖိုးဖိုးကျောက်ကမ်းခြေရှိတဲ့ ညောပြင်ရွာတွေကိုလည်း မနေ့ကစလို့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးစုစုပေါင်း အင်အား တစ်ရာကျော်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လောင်းလုံးမြို့နယ်အောက်ပိုင်းမှာ စစ်ကောင်စီနဲ့ပျူစောထီးတွေ စခန်းချထားတဲ့ ကျောက်နီမော်ရွာကို စက်လှေနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မနေ့ကမနက်ပိုင်းမှာ ကျောက်နီမော်ရွာကတဆင့် ကျောက်ဝပ်ပြင်နဲ့ အောက်ကျောက်ဝပ်နဲ့ ညောပြင်ရွာတွေကို စစ်ကြောင်းထိုးခဲ့တာပါ။

“သူတို့ရောက်နေတာ သုံးရက်လောက်ရှိပြီ။ မနေ့ကစပြီး စစ်ကြောင်းတွေ ခွဲပြီးထွက်လာတယ်။ ပျူတွေနဲ့ပေါင်းထားတယ်။ လက်ရှိအချိန်ထိတော့ တိုက်ပွဲမဖြစ်သေးဘူး” လို့ လောင်းလုံးဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်ကြောင်းထိုးတဲ့ရွာတွေက နေအိမ်တချို့ကို ရိုက်ဖျက်တာ၊ မွှေနှောက်ပြီး ပစ္စည်းယူဆောင်တာတွေ လုပ်ဆောင်ခဲ့ပြီး ဒေသခံတချို့ကိုလည်းဖမ်းဆီးထားတယ်လို့ ကနဦးသိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေသခံ အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

စစ်‌ကြောင်းကြောင့် ညောပြင်၊ အောက်ကျောက်ဝပ်နဲ့ ကျောက်ဝပ်ပြင်ရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် နီးစပ်ရာကို စစ်ဘေးရှောင် နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လောင်းလုံးမြို့နယ်ကို ပြီးခဲ့တဲ့လအလယ်ပိုင်းကလည်း စစ်ကောင်စီတပ်က တစ်ပတ်အကြာစစ်ကြောင်းထိုးပြီး အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် အခုရက်ပိုင်းမှာလည်း နောက်တစ်ကြိမ် ထပ်မံစစ်ကြောင်းထိုးနေတာပါ။

လက်ရှိစစ်ကြောင်းထိုးနေတဲ့ မောင်းမကန်ရွာနဲ့ ညောပြင်ရွာတွေရဲ့ အနောက်ဘက်က ပင်လယ်ပြင်မှာလည်း စစ်သင်္ဘောနှစ်စီးက နေရာယူထားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနှစ်ပွင့်လင်းရာသီအစမှာပဲ ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူမြို့ နယ်တွေကို အင်အားအများအပြားနဲ့ ဆက်တိုက်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

The Tanintharyi Times