လာမယ့်နိုဝင်ဘာမှာ စစ်အုပ်စုခေါင်းဆောင် တရုတ်သွားဖို့ရှိ
လာမယ့်နိုဝင်ဘာမှာ စစ်အုပ်စုခေါင်းဆောင် တရုတ်သွားဖို့ရှိ
လာမယ့် နိုဝင်ဘာလ မှာ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို အလည်အပတ်သွားရောက်မယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ ရဲ့ပြောကြားချက်ကိုကိုးကားပြီး AFP သတင်းမှာဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်သုံးနှစ်ကျော် အတွင်း စစ်အုပ်စုခေါင်းဆောင်ရဲ့ ပထမဆုံးတရုတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့ဩဂုတ်လ က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံလာရောက်ခဲ့စဉ်ကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံကိုအလည်ခေါ်ဖို့ သဘောတူခဲ့တဲ့ အစီစဉ်လည်းဖြစ်ပါတယ်။
“သူ (မင်းအောင်လှိုင်) က နောက်လမှာ တရုတ်နိုင်ငံကို သွားရောက်မှာပါ” လို့ စစ်ကောင်စီ နဲ့ နီစပ်တဲ့ ဆက်ဆံရေးရှိသူနောက်တစ်ဦးကလည်း AFP ကိုအတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ အဲ့ဒီကိစ္စ နဲ့ပတ်သက်ပြီး မဖြေကြားနိုင်သေးဘူးလို့ AFP ကိုပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ ကပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း အာဆီယံ နိုင်ငံတွေ နဲ့ တရုတ် နိုင်ငံတို့ဟာ မြန်မာအရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်ခဲ့ပေမယ့် အဖြေမထွက် ခဲ့ဘူးလို့ နိုင်ငံတကာ သတင်းတွေကဆိုပါတယ်။
တရုတ်အစိုးရဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာ မြန်မာစစ်အုပ်စုဘက်က ဆက်လက်ရပ်တည်နေတဲ့ အင်အားကြီးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။
ဩဂုတ်လ က နိုင်ငံခြားရေးဝန်ကြီးဝမ်ယီရဲ့ခရီးမှာလည်း တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်ရဲ့ ရွေးကောက်ပွဲကိုထောက်ခံပြီး မြန်မာစစ်တပ်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းချက်ကို လက်ခံတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်အစိုးရဟာ စစ်ကောင်စီကို စစ်ရေးအရအသာရနေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ တွေကို ဆက်တိုက်ဖိအားပေးနေတယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံခြားရေးရာဝန်ကြီးဌာန အာရှ အထူးကိုယ်စားလှယ် တိန့်ရှိကျွင်းခေါင်းဆောင်တဲ့ အဖွဲ့နဲ့ UWSA ၀ တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ကျောက်ကော်အန်းခေါင်းဆောင်တဲ့ အဖွဲ့တို့ တရုတ်နိုင်ငံ ဖူအာမြို့မှာတွေ့ဆုံစဉ် MNDAA တပ်တွေ လားရှိုးကဆုတ်ခွာဖို့နဲ့ မဆုတ်ခွာရင် ကိုးကန့်ဒေသကို ပိတ်ဆို့ အရေးယူဖို့ ဆွေးနွေးခဲ့တဲ့ အသံဖိုင်တွေလည်းပေါက်ကြားလာခဲ့ပါတယ်။
ကိုးကား – AFP
(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
