ထားဝယ်သပိတ်မျှောပွဲအတွက် စစ်ကောင်စီက ရေကြောင်းရော ကုန်းကြောင်းပါလုံခြုံရေးတင်းကြပ်

ထားဝယ်သပိတ်မျှောပွဲအတွက် စစ်ကောင်စီက ရေကြောင်းရော ကုန်းကြောင်းပါလုံခြုံရေးတင်းကြပ်

ပုံစာ - သပိတ်မျှောပွဲအတွက်ပြင်ဆင်ထားတဲ့မြင်ကွင်း။

ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပမယ့်နေရာနဲ့ မြစ်ကြောင်းတစ်ခုလုံကို စစ်ကောင်စီတပ်က ရေကြောင်းရောကုန်းကြောင်းပါ လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သပိတ်မျှောပွဲကို မနက်ဖြန် ၁၇ ရက်နေ့ အာရုဏ်တက်အချိန် ထားဝယ်ကမ်းနားလမ်းက သဲကွင်းမှာကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီသပိတ်မျှောပွဲအတွက် မနေ့ကတည်းကစလို့ ထားဝယ်မြစ်အတွင်းမှာ စက်လှေတွေ၊ ကင်းလှည့်ရေယာဥ်တွေနဲ့သွားလာတာ ကျင်းပမယ့်နေရာတစ်‌လျှောက်လုံးက လမ်းတွေပေါ်မှာ ကင်းစောင့်တာနဲ့ ကင်းလှည့်တာတွေ လုပ်ဆောင်နေတာလို့ မြို့ခံတွေက ဆိုပါတယ်။

“အဲဒီနားကလမ်းတစ်လျှောက်မှာ သူတို့ချည်းပဲ။ စက်သေနတ်တပ်ထားတဲ့ ကာတွေရှိနေတယ်။ မြစ်ထဲမှာလည်း အသွားအပြန်လုပ်နေကြတယ်” လို့ ထားဝယ်မြို့ခံ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့ကမွန်းလွဲပိုင်းမှာတော့ သပိတ်မျှောမယ့်နေရာရဲ့ အနောက်ဘက် ထားဝယ်မြစ်လယ်က ရေလယ်ကျွန်းဘက်ကို လက်နက်ငယ်တွေ၊ အတွဲလိုက်‌စက်သေနတ်တွေနဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့တယ်လို့ ကမ်းနားလမ်းအနီးနေထိုင်သူတွေက ပြောပါတယ်။

မလားတူ မနေ့ညပိုင်းမှာလည်း ကားတွေနဲ့ သပိတ်မျှောပွဲကျင်းပမယ့်နေရာအနီးက ရပ်ကွက်တွေအထဲထိ ကားတွေနဲ့ ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာတေ့ ထားဝယ်မြစ်လယ်က ရေလယ်ကျွန်းပေါ်ကို စစ်ကောင်စီတပ်သားတွေရောက်နေတယ်လို့ မျက်မြင်တွေ့ရသူတွေက ပြောပါတယ်။

“အဲဒီကျွန်းပေါ်မှာ ဓနိလုပ်တဲ့သူတွေရှိတယ်လေ။ အကုန်လုံးကို မနေကြဖို့ကြေညာထားတယ်” လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ထားဝယ်မြစ်အတွင်းက ရေလယ်ကျွန်းဟာ သပိတ်မျှောမယ့်နေရာနဲ့ မျက်နှာချင်းဆိုင်မှာရှိတာပါ။ ပြီးခဲ့တဲ့နှစ် သပိတ်မျှောပွဲကျင်းပတဲ့အချိန်ကလည်း အဲဒီကျွန်းပေါ်မှာ နယ်မြေရှင်းလင်းပြီး ဓနိလုပ်ငန်းလုပ်နေတဲ့သူတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

စစ်ကောင်စီဟာ သပိတ်မျှောပွဲကို အခုနှစ်မှာ ပွဲလမ်းသဘင်တွေနဲ့ စည်စည်ကားကားကျင်းပဖို့အတွက် စီစဥ်နေတာပါ။

သပိတ်မျှောပွဲအတွက် ထားဝယ်မြို့ပေါ်မှာ ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်ကို ညမထွက်ရအမိန့် ရုတ်သိမ်းကြောင်းကိုလည်း စစ်ကောင်စီဘက်က ကားနဲ့လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သပိတ်မျှောပွဲကျင်းပရေးကော်မတီကလည်း ပွဲတော်မှာ သပိတ်အလုံး ၅၀၀ မျှောလွှတ်ပူဇော်တာ၊ မီးပုံးပျံအလုံး ၅၀၀ လွှတ်တာ၊ ပေနှစ်ဆယ်ပတ်လည် အလှမီးပုံပျံကြီးတွေ လွှတ်တင်တာနဲ့ ဆီမီးတိုင် ၅၀၀ ထွန်းညှိပူဇော်တာတွေ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာတော့ သပိတ်မျှောပွဲအတွက်ပြင်ဆင်နေတဲ့ နေရာအနီးမှာ ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုတွေဟာ တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနဲ့ ဗုံးသီးချနေတာဖြစ်တယ်လို့ မြို့ခံ‌တွေက ဆိုပါတယ်။

ပထမရက်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာတော့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Sky Ghost Drone Force(SGDF)က ရုရှားကရရှိတဲ့နည်းပညာကိုအသုံးပြုပြီး ထားဝယ်မှာမြို့တွင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်ကောင်စီကဦးဆောင် ပြုလုပ်တဲ့ပွဲလမ်းသဘင်တိုင်းကို ထားဝယ်သူ၊ ထားဝယ်သားတွေအနေနဲ့ သွားလာတာမလုပ်ကြဖို့ SGDF တပ်ဖွဲ့က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်စလုံးမှာလည်း သပိတ်မျှောပွဲကိုစစ်ကောင်စီဘက်ကစီစဥ်ကျင်းပခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေသာ ပါဝင်ဆင်နွှဲခဲ့တယ်လို့ မြိုခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

The Tanintharyi Times