ခန္တီကျေးရွာက အရပ်သားငါးဦးကို စစ်ကောင်စီတပ် ကဖမ်းဆီးသွား

ခန္တီကျေးရွာက အရပ်သားငါးဦးကို စစ်ကောင်စီတပ် ကဖမ်းဆီးသွား

ပုံစာ - ပုလောမြို့နယ်၊ ခန္တီရွာတစ်နေရာ။(ပုံဟောင်း)

ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အရပ်သားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခန္တီကျေးရွာအုပ်စုကတဆင့် ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို စစ်မှုထမ်းသင်တန်းသားတွေ ပို့မယ့် စစ်ကောင်စီစစ်ကြောင်းက အရပ်သား ငါးဦးကို ဖမ်းခေါ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလ ၁၄ ရက်နေ့မနက်က အင်အား ၇၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခန္တီကျေးရွာအုပ်စုထဲကို ရေလမ်းကရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းမှာ စစ်မှုထမ်းဖို့အတွက် စုဆောင်းထားတဲ့ သင်တန်းသားတွေပါပြီး ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို ပို့ဖို့အတွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“စစ်ကောင်စီစစ်ကြောင်းက ခန္တီကို သီးသန့်ဝင်တာမျိုးမရှိဘူး။ စောင့်ကြည့်နေတဲ့အနေအထားအရ သင်တန်းသားလာပို့မှ တစ်လတစ်ကြိမ်ဝင်တဲ့အနေအထားမှာရှိတယ်” လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ သင်တန်းသား ဘယ်လောက်ပါလာတယ်ဆိုတာကိုတော့ မသိရဘူးလို့ ပုလောပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ရွာထဲမှာရှိနေတဲ့ အရပ်သား ၃၀ လောက်ကိုဖမ်းပြီး နေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရွာသားတွေကိုဖမ်းဆီးတဲ့ နေ့ညမှာပဲ အရပ်သား ၂၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ခန္တီကျေးရွာအုပ်စုက အရပ်သား ငါးဦးခန့်နဲ့အတူ ကထောင်းနီရွာလှေဆိပ်ဘက်ကို စစ်ကြောင်းဆက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသက်ကြီးပိုင်းတွေကို ပြန်လွှတ်ပေးခဲ့ပြီး ကထောင်းနီလှေဆိပ်ဘက်ကို ထွက်သွားတယ်။ ရွာတွေထဲမှာတော့ စစ်သားနဲနဲကျန်ခဲ့တယ်။ နဲနဲဆို ဆယ်ယောက်လောက်တောင် မပြည့်ဘူး။” လို့ ဒေသခံအမျိုးသာတစ်ဦးက ပြောပါတယ်။

အခုလ ၁၅ ရက်မနက် ကထောင်းနီလှေဆိပ်ကိုရောက်တဲ့အချိန်မှာ ပလောက်မြို့အတန်းမြင့်လေ့ကျင့်ရေးကျောင်း တိုင်းဗဟို (၁၂)က လာတဲ့ တပ်ကားတွေကြိုရောက်နေပြီး စစ်ကြောင်းမှာပါလာတဲ့ သင်တန်းသားတွေကို တင်ခေါ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေကတော့ ရေလမ်းကနေပဲ လှေနဲ့ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

ဆက်ပြီးအဖမ်းခံခဲ့ရတဲ့ ခန္တီကျေးရွာအုပ်စုက အရပ်သားငါးဦးဟာ ဘယ်မှာအဖမ်းခံထားရတယ်ဆိုတာမသိရပေမယ့် ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကိုပို့တဲ့ သင်တန်းသားတွေနဲ့အတူ ပါသွားပြီလို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

တနင်္သာရီတိုင်းမ်က ရထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာဆိုရင် ပုလောမြို့နယ်တစ်ခုတည်းက အရပ်သား ၁၁၃ ဦးကို စစ်ကောင်စီစစ်ကြောင်းတွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက ရှပ်ပုံ၊ လိပ်သောင်၊ တောင်ယာကမ်းကျေးရွာအုပ်စုက အရပ်သား ၂၀ ခန့်ဟာ ဒီကနေ့အထိ ပြန်မလွတ်လာသေးပါဘူး။

The Tanintharyi Times