ပုလော ပ.လ.ဖ အဖွဲ့က နှစ်ဝက်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း သုံးဆယ်ခန့်ဖမ်းဆီး

ပုလော ပ.လ.ဖ အဖွဲ့က နှစ်ဝက်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း သုံးဆယ်ခန့်ဖမ်းဆီး

ပုံစာ - မူးယစ်ဆေးရောင်းဝယ်ဖြန့်ကားမှုနဲ့ ပတ်သက်တဲ့သူတွေကို ပုလောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးခဲ့စဉ်။

ပုလောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဖွဲ့စည်းပြီး နှစ်ဝက်တာကာလအတွင်း မူးယစ်ဆေးရောင်းဝယ်ဖြန့်ကားတဲ့အမှုပေါင်း ၃၀ ခန့်ဖမ်းဆီး ကိုင်တွယ်ခဲ့တယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုလော(ပလဖ)အဖွဲ့ဟာ အခုနှစ် မတ်လ ၂၅ ရက်နေ့မှာ မြေပြင်စဆင်းတာဖြစ်ပြီး အဲဒီကတည်းကနေ အခုချိန်ထိ ခြောက်လတာကာလအတွင်း မူးယစ်ဆေးရောင်းဝယ်ဖြန့်ကားတဲ့အမှု ၃၀ ကို ကိုင်တွယ်ခဲ့ပြီးပြီလို့ အဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

အမှု ၃၀ နဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့တဲ့လူဦးရေက ၅၀ ခန့်ရှိခဲ့ပြီး အဲဒီအထဲက တဝက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ ပုလော(ပလဖ)တာဝန်ရှိသူက ပြောပါတယ်။

“မူးယစ်ဆေးသုံးစွဲရာကနေပဲ လူသတ်မှုတွေ ရန်ပွဲတွေ မသာမှုတွေ အများကြီးပဲပေါ့ လူမှုရေးပြဿနာတွေ။ မလိုလားတဲ့အမှုတွေမဖြစ်ဖို့ ကျွန်တော်တို့မှာတာဝန်ရှိတယ်။ ဒီတော့ တကယ့်ပြဿနာအရင်းအမြစ်ကစပြီး ကိုင်တွယ်တဲ့သဘောပါ။” လို့ ပုလော(ပလဖ) တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးအပတ်ကလည်း မူးယစ်ဆေးအမှုနဲ့ပတ်သက်ဆက်နွှယ်နေတဲ့ လက္ကူးနဲ့ပိတပ်ရွာက အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦးတို့ကိုလည်း ပုလော(ပလဖ)က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ရောင်းဝယ်ဖြန့်ကားတဲ့အမှုတွေကို ပင်လယ်ရွာတွေမှာအများဆုံးတွေ့ရပြီး အဲဒီအထဲက လက္ကူးရွာမှာအများဆုံးတွေ့ရတယ်လို့လည်း ရပ်ကျေး(ပအဖ) အဖွဲ့ဝင်တွေက ပြောပါတယ်။

“ရေလမ်းရောကုန်းလမ်းရော နှစ်ခုစလုံးက သယ်ကြတာတော့တွေ့ရတယ်။ ဒါပေမယ့် ကမ်းခြေရွာတွေကျတော့ လှေကပ်တာနဲ့ အိမ်ရောက်နေပြီလေ ပိုသယ်ရလွယ်တာလည်းပါမှာပေါ့။ သိရသလောက်ရေလမ်းက သယ်တာများပါတယ်။” လို့ လက္ကူးရွာရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးရောင်းဝယ်ဖြန့်ကားနေသူတွေကို ဒေသတွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပူးပေါင်းဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အခုလိုလုပ်နေတာကောင်းပါတယ်။ တစ်ခုရှိတာက လုပ်တဲ့သူတွေကိုယ်တိုင် မူးယစ်သားကောင်တွေမဖြစ်နေဖို့တော့ လိုတယ်။ ပြီးတော့ လုပ်ရင်လည်းထိထိရောက်ရောက်နဲ့အမြစ်ပြတ်အောင်လုပ်စေချင်တယ်။”လို့ ပလမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးရောင်းဝယ်ဖြန့်ကားသူတွေကို လိုက်လံဖမ်းဆီးရာမှာ ပုလော(ပလဖ)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ရပ်ကျေး(ပအဖ)အဖွဲ့တွေပူပေါင်းဖမ်းဆီးတာတွေလည်းရှိခဲ့ပြီး ပြစ်ဒဏ်စီရင်ချက်ချတာကိုတော့ ပုလောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်တယ်လို့လည်း သိရပါတယ်။

သက်ဆိုင်ရာအဖွဲ့တွေက ပူးပေါင်းချမှတ်ထားတဲ့စည်းမျဉ်းတွေအရ WY ဆေးပြား ဆယ်လုံးအောက်လက်ဝယ်တွေ့ရင် သုံးစွဲသူလို့ သတ်မှတ်ပြီး ထောင်ဒဏ်အများဆုံးသုံးလ၊ ဆယ်လုံးအထက်ဆိုရင် ရောင်းဝယ်ဖောက်ကားနေသူလို့ သတ်မှတ်ပြီး ထောင်ဒဏ်ခြောက်လကနေ တစ်နှစ်အထိ၊ အလုံးရေ ၁၀၀ ကနေ ၅၀၀ အထက်ဆိုရင် ထောင်ဒဏ်ငွေဒဏ်နှစ်မျိုးစလုံးချမှတ်ထားတယ်လို့ ပုလော(ပလဖ)တာဝန်ရှိသူဆီက သိရပါတယ်။

The Tanintharyi Times