လူသတ်မှု၊ မူးယစ်ဆေးအမှုတွေနဲ့ ပတ်သက်နေတဲ့ အမျိုးသား ၁၀ ဦးကို ပုလောပလဖ ဖမ်းဆီး
လူသတ်မှု၊ မူးယစ်ဆေးအမှုတွေနဲ့ ပတ်သက်နေတဲ့ အမျိုးသား ၁၀ ဦးကို ပုလောပလဖ ဖမ်းဆီး

ပုလောမြို့နယ်မှာ မူးယစ်ဆေးအမှုနဲ့ လူသတ်မှုကျူးလွန်သူ တစ်ဆယ်ကျော်ကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကနေ သိရပါတယ်။
လွန်ခဲ့တဲ့လေးရက်ခန့်က ကျောက်လုံးကြီးကျေးရွာအုပ်စု အရှေ့ကုန်းရွာမှာ အရက်သောက်၊ မူးယစ်ဆေးသုံးစွဲနေရာကန လူသတ်မှုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ဆက်နွှယ်နေသူ လေးဦးကို ဖမ်းဆီးခဲ့တယ်လို့ ပုလော(ပလ)ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီလူသတ်မှုကတော့ အသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦးကို တစ်ဝမ်းကွဲတော်စပ်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသားက ဓားနဲ့ထိုးသတ်ခဲ့တဲ့ဖြစ်စဥ်ဖြစ်တယ်လို့ သိရပါတယ်။
လူသတ်မှုကျူးလွန်တဲ့အချိန် အတူတူရှိနေတဲ့ အသက် ၃၀ နှစ်၊ ၁၉ နှစ်အရွယ်အမျိုးသားနှစ်ဦးကိုတော့ ကြံရာပါအနေနဲ့ ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
“အခင်းဖြစ်တာက လူသတ်မှုကျူးလွန်တဲ့သူအိမ်မှာပဲ။ ဆေးလည်းသုံး အရက်ကလည်းသောက်ထားတော့ လူစိတ်ပျောက်နေတုန်း အချင်းချင်းမြှောက်ပင့်ရင်းနဲ့ ဖြစ်သွားကြတာ။ သူတို့ကိုယ်တိုင်ကလည်း ထွက်ဆိုထားတယ်။” လို့ ပုလော(ပလဖ) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လူသတ်မှုကျူးလွန်သူနဲ့ကြံရာပါတွေကို မူးယစ်ဆေးဝယ်ပေးခဲ့တယ်ဆိုတဲ့ အသက် ၂၀ ဝန်းကျင် အရွယ်အမျိုးသားတစ်ဦးကိုလည်း တခါတည်းဖမ်းဆီးလာခဲ့တယ်လို့ ပုလော(ပလဖ) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အလားတူ ပြင်ဘုငယ်ကျေးရွာအုပ်စု၊ မော်ဖျားရွာက အသက် ၄၁ နှစ်၊ ၂၅ နှစ်၊ ၂၀ နှစ်အရွယ် အမျိုးသားသုံးဦးကို WY ဆေးပြားနှစ်ထောင်ကျော်နဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲက အသက် ၄၁ နှစ်အရွယ်အမျိုးသားကတော့ WY ဆေးပြားပိုင်ရှင်ဖြစ်တယ်လို့ သူကိုယ်တိုင်ထွက်ဆိုထားပြီး ကျန်တဲ့အမျိုးသားနှစ်ဦးကတော့ သုံးစွဲသူတွေဖြစ်တယ်လို့ ပုလော(ပလဖ)ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲသူပိုများလာမှာကို စိုးရိမ်တဲ့အတွက် မူးယစ်ဆေးသုံးစွဲသူတွေကို နီးစပ်ရာသူတွေကတဆင့် ပုလောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကို တိုင်ကြားလေ့ရှိတယ်လို့ ပုလောမြို့နယ်၊ကျောက်တောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“၇ တန်း၊ ၈ တန်းအရွယ်ကလေးလေးတွေကအစ ရွာထဲမှာ ဆေးသုံးနေကြတာ။ ဒီကနေ ခိုးမှုဒုစရိုက်တွေဖြစ်လာမှာကျွန်မတို့က စိုးရိမ်တယ်။ ကိုယ်တိုင်လည်း မလုပ်နဲ့မသုံးနဲ့လို့ သွားမပြောရဲဘူး။” လို့ သူက ဆိုပါတယ်။
ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကျောက်တောင်ရွာက အသက် ၂၈ နှစ်၊ ၂၉ နှစ်အရွယ် အမျိုးသားနှစ်ဦးကိုလည်း အိုက်စ်မူးယစ်ဆေး ၁၀ ကျပ်သား၊ WYဆေး ၄၈ လုံးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ပုလော(ပလဖ)အဖွဲ့ ဆီက သိရပါတယ်။
ပြင်ဘုကြီးကျေးရွာအုပ်စု အရှေ့ဘက်ရွာကအသက် ၃၆ နှစ်အမျိုးသားတစ်ဦးကိုလည်း WYဆေးပြား ၁၉ ခုနဲ့ အတူဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“တချို့ရွာတွေမှာဆိုရင် ဒေသခံတွေကိုယ်တိုင်က လိုလိုလားလားနဲ့ ဖမ်းပေးတယ် လက်ထဲလာပြီးထိုးအပ်တာတွေတောင်ရှိတယ်။ အဲဒါကို စိစစ်ပြီး ဖမ်းသင့်ရင်ဖမ်းတာတွေလုပ်ပါတယ်။” လို့ ပုလော(ပလဖ) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ပုလောမြို့နယ်က စစ်ကောင်စီသတင်းပေးလို့နာမည်ထွက်နေသူနဲ့ မူးယစ်ဆေးရောင်းဝယ်ဖြန့်ကားသူ ၁၂ ဦးဖမ်းဆီးခံခဲ့ရပြီး သူတို့ကို ဘယ်အဖွဲ့တွေက ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ အတိအကျမသိရပါဘူး။
The Tanintharyi Times