ထင်မြင်ချက်ဆောင်းပါးရေးသားနည်းများ

ထင်မြင်ချက်ဆောင်းပါးရေးသားနည်းများ

အခန်း(၅)
ထင်မြင်ချက်ဆောင်းပါးရေးတာဟာ စာအုပ်တစ်အုပ်ရေးတာ မဟုတ်ပါဘူး။ စာဖတ်သူဟာ မနက်ခင်းမှာ ကော်ဖီတစ်ခွက် သောက်ရင်းဖတ်တဲ့ အခါ ကော်ဖီကုန်တဲ့အချိန်မှာ ဆောင်းပါးဖတ်လို့ပြီးတာနဲ့ တစ်ပြိုင်နက် ဖြစ်တဲ့ အရှည်အတိုမျိုးလောက် ကောင်းပါတယ်။
 
မြန်မာလိုကွန်ပြူတာနဲ့စာစီရင် ၃ မျက်နှာလောက်ပဲ ကောင်းပါတယ်။ အခုစာအုပ်ကိုရေးသူကတော့ ၃ မျက်နှာထက်တစ်ခါမှပိုပြီး ရေးလေ့ မရှိပါဘူး။ ထင်မြင်ချက်ဆောင်းပါးဟာ တိုတယ်၊ ကျစ်လစ်တယ်၊ စူးရှတယ် (Short, Tight, Bright) ဖြစ်တာကောင်းပါတယ်။
 
▪️ဆောင်းပါးအဖွင့်

ဆောင်းပါးအဖွင့်ဟာ အရမ်းအရေးကြီးပါတယ်။ တချို့ ကတော့ အဖွင့်ကို ချိတ် (Hook) လို့ခေါ်ကြပါတယ်။ ဆိုလိုတာက ပထမတစ်ပိုဒ် ဖတ်လိုက်ရုံနဲ့ စာဖတ်သူရဲ့ အာရုံကိုချိတ်နဲ့ဆွဲယူသွား နိုင်အောင်ရေးပါ လို့ဆိုလိုတာပါ။
 
ဆောင်းပါးစဖွင့်ကတည်းက ကိုယ်ပြောချင်တဲ့အယူအဆကို တိုက်ရိုက် ဒါမှမဟုတ် ဥပမာတစ်ခုခုနဲ့ ချက်ချင်းတင်ပြပါ။ အချိန်တွေ ဆွဲမနေပါနဲ့။ အဖွင့်မကောင်းရင် ကိုယ့်ဆောင်းပါးကို ဆက်ဖတ်မှာ မဟုတ်ပါ။ အင်တာနက်ခေတ်မှာ စာဖတ်သူတွေအတွက်ရွေးချယ်စရာတွေ ဒုနဲ့ဒေး ရှိတယ်ဆိုတာကို စာရေးတဲ့အခါတိုင်းမှာ အမှတ်ရပါ။
 
ဖြစ်နိုင်ရင်စာရေးစားပွဲမှာထိုင်မှ ဆောင်းပါးကို ဘယ်လိုဖွင့်မလဲလို့ စဉ်းစားတာထက် သုတေသနပြုနေကတည်းက အဖွင့်အိုင်ဒီယာကို ကြိုတွေးထားနိုင်ရင် ပိုကောင်းပါတယ်။
 
▪️ကိုယ့်အဆိုကို ပံ့ပိုးပေးမယ့် အချက်အလက် သက်သေများ

အထက်မှာပြောခဲ့သလို ကိုယ်ပိုင်အဆိုတစ်ခုကို မတင်ပြနိုင်ရင် Op-Ed တစ်ပုဒ်မဖြစ်ပါဘူး။ အဆိုကိုတင်ပြပြီး သက်သေမပြနိုင်ရင်လည်း ဆောင်းပါးဟာ အကျိုးမရှိပါဘူး။ အချက်အလက်၊ ဥပမာ၊ ဖြစ်ရပ်၊ သမိုင်း နောက်ခံတွေ၊ ပညာရှင်တွေရဲ့အယူအဆတွေနဲ့ ကိုယ့်အဆိုကို ပံ့ပိုးပေးပါ။
 
ကိုယ်ရေးတဲ့အကြောင်းအရာပေါ်မှာ ကိုယ်နဲ့မတူတဲ့အယူအဆ ရှိရင် ခိုင်မာတောင့်တင်းတဲ့ သက်သေအချက်အလက်တွေနဲ့ ချေဖျက်ပါ။ ဒါပေမယ့် ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေကိုတော့ မသုံးတာ ကောင်းပါတယ်။
 
လုံလောက်တဲ့ သုတေသနမပြုလုပ်ဘဲနဲ့ ဘယ်တော့မှ စာမရေးပါနဲ့။ တစ်ခါတစ်လေမှာ ပေါ့ပေါ့ဆဆရေးတာ ထက်စာရင် လုံးဝမရေးတာကမှ ပိုကောင်းပါဦးမယ်။ သုတေသနပြုလုပ်တဲ့ အချိန်ဟာ ဆောင်းပါးရေးတဲ့ အချိန်ထက် ပိုများမှဖြစ်မှာပါ။ သုတေသနဆိုတဲ့ အထဲမှာကျွမ်းကျင်သူတွေနဲ့ စကားပြောဆွေးနွေးတာတွေလည်း ပါတယ်ဆိုတာကို သတိရပေးပါ။
 
▪️ကိုယ်ရေးနေတဲ့အကြောင်းအရာကို စာဖတ်သူဘာကြောင့် ဂရုစိုက်သင့်တယ်ဆိုတာကို ရှင်းပြပါ။
 
မကြာခဏဆိုသလို စာရေးသူတွေဟာဆောင်းပါးတွေ ရေးတဲ့အခါ သူတို့နဲ့ခင်မင်တဲ့ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ သတင်းစာဆရာတွေ ကိုစိတ်ထဲမှာ ထားပြီးရေးလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်ရေးတဲ့ အကြောင်းအရာကို သူတို့တွေနားလည်မှာပဲလို့ ခံစားကြပါတယ်။ ဒါဟာ စာရေးခြင်းအတတ်ပညာမှာ အမှားယွင်းဆုံးပြဿနာတစ်ခုပါပဲ။
 
တကယ်ကတော့စာရေးနေတဲ့အချိန်မှာ သာမန်စာဖတ်သူကိုသာ စိတ်ထဲမှာထည့်ထားရမှာ ဖြစ်ပါတယ်။ ရွှေဈေးစံချိန်တင်ထိုးတက် သွားတာဟာ ရွှေတစ်ရွေးသားမှမရှိတဲ့သူအပေါ် ဘယ်လိုအကျိုး သက်ရောက်မယ်ဆိုတာကို ဆောင်းပါးထဲမှာကိုယ်ရှင်းပြရဲ့လား။
 
မြို့ထဲက ပန်းခြံနေရာမှာ Shopping Complex ကြီးဆောက်လုပ်ဖို့ ပြင်ဆင်နေတာဟာ ဘယ်လိုနောက်ဆက်တွဲတွေရှိလာနိုင်တယ် ဆိုတာ ကို ကိုယ်ဆွေးနွေးရဲ့လား။ ဒီလိုထည့်သွင်းဆွေးနွေးပေးတာကို သတင်းစာ ဆရာတွေက So What လို့ခေါ်ကြပါတယ်။
 
▪️ထပ်ပြန်တလဲလဲသုံးစွဲပြီးသား စကားလုံးတွေနဲ့ စကားစုတွေကိုရှောင်ပါ။
 
အကြိမ်ကြိမ်သုံးစွဲထားတဲ့စကားလုံးတွေဟာ ထိရောက်မှုမရှိ ယုံမကဘဲ စာဖတ်သူကိုယုံကြည်မှုပါ ကင်းမဲ့စေပါတယ်။ “ခေတ်မှီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်သစ်ကြီးဆီသို့” ဆိုတဲ့ ဆောင်ပုဒ်ကိုမြင်ရင် သင်ဘယ်လို ခံစားရပါသလဲ။
 
ပြည်သူအားလုံးလည်းသင့်လိုပဲ ခံစားရပါတယ်။ Cliché လို့ ခေါ်တဲ့ ခေတ်အဆက်ဆက်သုံးစွဲခဲ့တဲ့ စကားလုံးတွေက ထိရောက်မှု မရှိတော့ ပါဘူး။ ပိုမိုထိရောက်တဲ့ အသုံးအနှုန်းအဖွဲ့တွေကိုသုံးစွဲဖို့ ကြိုးစားပါ။ ဒါဆိုရင်မရှိမဖြစ်လိုအပ်တာက စာဖတ်အားဖြစ်ပါတယ်။ စကားလုံးနဲ့ ဝေါဟာရကြွယ်ဝမှုဟာ အင်မတန်အရေးကြီးပါတယ်။
 
▪️ခက်ခဲနက်နဲတဲ့ ပညာရပ်ဆိုင်ရာစကားလုံးတွေကို ရှောင်ပေးပါ။
 
ထင်မြင်ချက်ဆောင်းပါးရေးတယ်ဆိုတာ ဘယ်လောက်ဘာသာ စကားကျွမ်းကျင်တယ်ဆိုတာကိုပြသဖို့ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းထဲမှာ ဖြစ်နေတဲ့အကြောင်းအရာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်တယ် ဆိုတဲ့ ကိုယ့်အယူအဆကို ပြောတာဖြစ်ပါတယ်။ ဒါကြောင့် သာမန်လူတွေ နားလည်နိုင်တဲ့ စကားလုံးတွေကို သုံးတာဟာ အကောင်းဆုံးပါ ။ မဖြစ်မနေ ပညာရပ်ဆိုင်ဝေါဟာရတွေသုံးဖို့ လိုအပ်ရင် စာဖတ်သူနားလည်အောင် သေသေချာချာ ရှင်းပြပေးပါ။
 
▪️ကိုယ့်ရဲ့စတိုင်နဲ့ ကိုယ်ပိုင်လေသံကို ရွေးချယ်ပါ။
 
စာတစ်ပုဒ်မှာ လေသံ (Tone) ဟာ အင်မတန်အရေးကြီးပါတယ်။ တစ်ပုဒ်ချင်းဆီမှာ Tone ကို ပြင်ဆင်နိုင်ဖို့ကို အကြံပေးချင်ပါတယ်။ နမူနာအားဖြင့် အဆိုတော်တွေ သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ် လေသံမတူ သလိုပါပဲ။ အဆိုတော်လေးဖြူက “အလွမ်းများ”ဆိုတဲ့သီချင်းကို ဆိုတဲ့ လေသံနဲ့ “လူစီ”ကိုဆိုတဲ့ လေသံဟာ ကွာခြားသလိုပါပဲ။

Op-Edရေးတဲ့ အခါမှာလည်း လေသံ (Tone) ကို ရွေးချယ်ရပါမယ်။ ဒီဆောင်းပါးဟာ စိတ်အားတက်ကြွအောင်ရေးရမှာလား၊ ဒါမှမဟုတ် ဖတ်ပြီးသွားရင် နဖူးပေါ်လက်တင်ပြီး စဉ်းစားခိုင်းမှာလား၊ မျက်ရည် ကျရမှာလား၊ တစ်ခုခုကို အရေးယူဆောင်ရွက်ရမှာလား၊ ကိုယ်ဘာကို ပေးမှာလဲဆိုတာအပေါ်မှာ လေသံကို စဉ်းစားကြရပါမယ်။ ဒါကြောင့် Tone ကို ချိန်ပေးပါ။
 
▪️ဇာတ်လမ်းအတိုတွေနဲ့ ပုံပြင်တွေအများကြီးစုဆောင်းပါ။
 
ကိုယ့်ဆောင်းပါးရဲ့ အသက်တွေဟာ ဇာတ်လမ်းတိုလေးတွေနဲ့ ပုံပြင်တွေပါ၊ အမြဲတမ်း စုဆောင်းထားပါ။ စကားပုံတွေကိုပါ ကိုးကားပါ။ ဒါပေမယ့် မလေးစားလောက်တဲ့ လူတွေပြောတာနဲ့ မခိုင်မာတဲ့နမူနာတွေ ကိုတော့ ဘယ်တော့မှ မကိုးကားပါနဲ့။
 
▪️ဆောင်းပါးရဲ့အဆုံးသတ် (The Ending or Kicker)
 
ဆောင်းပါးရဲ့ အဆုံးသတ်ဟာ အဖွင့်လိုပဲ အင်မတန်အရေးကြီး ပါတယ်။ ကိုယ်အဖွင့်မှာပြောခဲ့တဲ့ အယူအဆကို ထပ်ပြောဖို့ လိုအပ်ပါတယ်။ အခြေအနေအရ ဖြစ်နိုင်ရင် ဟာဒယလည်းထည့်လို့ ရပါတယ်။ စိုးရိမ် ပူပန်တဲ့၊ သတိပေးတဲ့လေသံကိုလည်းထည့်လို့ ရပါတယ်။ အဓိကက ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို စာဖတ်သူတွေ ပိုနားလည်သွားအောင် အဆုံးမှာ နောက်တစ်ကြိမ် ထပ်ပြောခဲ့ဖို့ပါပဲ။
 
နောက်ဆုံးပြောချင်တာက Op-Ed ကို ဖတ်တဲ့လူတွေဟာ ကိုယ်ပြောတာကို လက်ခံကျင့်သုံးကြဖို့ပါပဲ။
 
▪️အနီးကပ် ဝေဖန်အကြံပေးမယ့်သူ
 
ဖြစ်နိုင်ရင်ကိုယ့်အနီးမှာ ကိုယ်ဆောင်းပါးရေးပြီးရင် ဖတ်ပေးမယ့်သူတစ်ဦး ရှိစေချင်ပါတယ်။ အဲဒီလူဟာ ကိုယ့်ကို အားမနာတမ်း မှတ်ချက်ပေးမယ့်သူ ဖြစ်စေချင်ပါတယ်။

အမြဲတမ်းကောင်းပါတယ်လို့ပြောမယ့် အစား “ဒီအိုင်ဒီယာက ပြီးခဲ့တဲ့လက တစ်ခါရေးပြီးသား မဟုတ်လား”၊ ဒီနမူနာကလည်း အရင်တစ်ပုဒ်မှာ ပါပြီးသားလားလို့”၊ “အဆုံးသတ်ကိုတော့ သိပ်အားမရမိဘူး”စသဖြင့် သူမြင်ရာကို ပွင့်ပွင့်လင်းလင်းပြောမယ့် သူမျိုးပါ။ သူငယ်ချင်း၊ ချစ်သူ၊ ညီအကိုမောင်နှမ ဘယ်သူပဲ ဖြစ်ဖြစ်ပါ။

The Tanintharyi Times