ရေဖြူမြို့နယ်၊ မူးဒူးရွာ တိုက်ပွဲမှာ စစ်တပ်က အရပ်သားတစ်ဦးပစ်ခတ်ခဲ့ပြီး နေအိမ်ငါးဆောင်ကိုမီးရှို့ခဲ့

ရေဖြူမြို့နယ်၊ မူးဒူးရွာ တိုက်ပွဲမှာ စစ်တပ်က အရပ်သားတစ်ဦးပစ်ခတ်ခဲ့ပြီး နေအိမ်ငါးဆောင်ကိုမီးရှို့ခဲ့

ဓာတ်ပုံ - မူးဒူးရွာလမ်းတစ်နေရာ။(ပုံဟောင်း)

ရေဖြူမြို့နယ်၊ မူးဒူး(အနောက်)ရွာမှာ စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မူးဒူး(အနောက်)ရွာတိုက်ပွဲမှာ စကားမပြောနိုင်တဲ့ အသက် ၃၆ နှစ်အရွယ်အမျိုးသားတစ်ဦး ရဲ့ပေါင်နဲ့ နားရွက်တွေမှာ ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ကျည်ထိဒဏ်ရာရတဲ့ အမျိုးသားဟာ မောင်းမကန်ရွာတစ်နေရာမှာ ဆေးကုသမှုခံယူခဲ့ပေမယ့် ဒီကနေ့ မနက် ၃ နာရီခန့်က သေဆုံးသွားတယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေဖြစ်တော့ ရွာထဲကထွက်ပြေးတုန်း စစ်တပ်ကလိုက်ပစ်တာ။ သူ့မှာက မိဘတွေလည်းမရှိတော့ဘူး။ ရွာမှာဆိုရတဲ့အလုပ်သူအကုန်လုပ်တော့ တော်တော်‌လူချစ်ခံရတဲ့သူ။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သူ့ရဲ့ရုပ်အလောင်းကိုတော့ ပန်းတင်အင်းရွာမှာပဲ ဒီနေ့ မနက် ၁၀ နာရီက သင်္ဂြိုလ်လိုက်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

မူးဒူး(အနောက်)ရွာ တိုက်ပွဲမှာ အရပ်သားတစ်ဦးသေဆုံးခဲ့တဲ့အပြင် အိမ်ငါးဆောင်လည်းမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မူးဒူး(အနောက်)ရွာကနေ ရလိုင်ရွာဘက်အထွက်လမ်းမှာရှိတဲ့ ပျဉ်ထောင်အိမ်လေးလုံးနဲ့ တစ်ထပ်တိုက်အိမ်တစ်ဆောင်တို့ကို စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက ရွာအစပ်နားမှာဖြစ်တာ။ အဲနားမှာ တိုက်ပွဲဖြစ်လို့ အဲနားက အိမ်တွေကိုမီးရှို့သွားတယ်လို့ ထင်တယ်။ ဘာလို့ရှို့မှန်းမသိရဘူး။ အိမ်တွေက ဆင်းဆင်းရဲရဲ ရှာဖွေစားသောက်နေရတဲ့ အိမ်တွေများတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မီးရှို့ခံရတဲ့အိမ်ပိုင်ရှင်တွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြတဲ့အတွက် ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မနေ့က တိုက်ပွဲမှာပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်အထူးစီးပွားရေးဇုန်ထဲက ရှေ့ဆက်စစ်ကြောင်းထိုးသွားပြီး ဗမာရုံးလို့ခေါ်တဲ့အဆောက်အဦမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်အနီးက ပင်လယ်ပြင်မှာလည်း စစ်သင်္ဘောလေးစီး‌ ရှိနေပြီး ဒီကနေအာရုဏ်ချိန် ၃ နာရီခန့်က ဇာဒီရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပြီး သူတို့(စစ်ကောင်စီ)ဘက်ကပြန်ဆုတ်သွားတယ် အိမ်တွေကိုလည်းမီးရှို့ခဲ့တယ်။ လက်ရှိဒီနေ့ထဲမှာတော့တိုက်ပွဲမဖြစ်သေးဘူး။ နောက်ပိုင်းဖြစ်မဖြစ်ကတော့ သူတို့ရဲ့လှုပ်ရှားမှုအပေါ်မှာပဲ မူတည်မယ်။” လို့ တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ ဗထူးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မနေ့ကတိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရတဲ့ မူးဒူးရွာခံတွေကတော့ နေအိမ်ပြန်လည် နေထိုင်နေကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကတော့ တနင်္သာရီတိုင်းအတွင်း မြို့နယ်နှစ်ခုက နေအိမ် ၇၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အလားတူ ရေဖြူမြို့နယ်ထဲက ရားဖူးကျေးရွာအုပ်စု၊ မျောက်ချောရွာအနီးတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြား မနေ့ကတစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေါနတပ်ခွဲ-၄ ရဲ့ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။

အခုလ ၃ ရက်နေ့ကတည်းက ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်တွေစတင်စစ်ကြောင်းထိုးခဲ့ပြီး အဲဒီအချိန်ကတည်းကနေ ဒေသတွင်းစစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

The Tanintharyi Times