တကူကျေးရွာကို စစ်ကောင်စီ က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေး တစ်ဦးဒဏ်ရာရ

တကူကျေးရွာကို စစ်ကောင်စီ က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေး တစ်ဦးဒဏ်ရာရ

ပုံစာ - စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ တကူကျေးရွာအုပ်စုက အဆောက်အဦးတွေ (ဓာတ်ပုံ - CJ)

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ် က တကူကျေးရွာအုပ်စုထဲက အင်းရှည်ကုန်းရွာ၊ ခြောက်အိမ်စုရွာ၊ ပြည်အေးရွာနဲ့ သံတိုက်ရွာတွေကိုလာရောက် ဗုံးကြဲသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီ တပ်က တကူကျေးရွာအုပ်စုကို MI 2 ရဟတ်ယာဥ်အမျိုးအစားနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

“ အချက် ၂၀ ကျော်လောက်ရှိမယ်။ လာကြဲတုန်းက အိမ်ထဲကမထွက်ရဲဘူး။ အခုတော့ နီးစပ်ရာ လုံခြုံတဲ့ နေရာကို ရွှေ့နေပါတယ်” လို့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ သံတိုက်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်တကူကျေးရွာအုပ်စု က ပြည်အေးရွာနေ အသက် ၁၂ အရွယ်၊ ယောင်္ကျားလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ ကလေးက ဗုံးကြဲချတာကို တိုက်ရိုက်ထိသွားတာမျိုးမဟုတ်တော့ ကံကောင်းသွားတယ်။ သူကအနီးဝန်းကျင်မှာရှိနေတော့ မှန်စ လာစင်တာပါ” လို့ ပြည်အေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

အရပ်သားထိခိုက်တာအပြင် အင်းရှည်ကုန်းရွာက မီးသတ်ရုံဘေးက အဆောင်တစ်ခုနဲ့ ပြည်အေးရွာက နေအိမ်တစ်ဆောင် ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ အခုဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အကြား စစ်ရေးအခြေအနေငြိမ်သက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိချိန်မှာ စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ အခုနှစ် ၂၀၂၄ ဖေဖော်ဝါရီလကုန်စလို့ တနင်္သာရီတိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး တနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်အရှေ့တောဒေသတို့ မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလကလည်း သရက်ချောင်းမြို့နယ်က ဂုံညှင်းဆိပ်ရွာ၊ ကနက်သီရိရွာ၊ ကတွဲရွာတို့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး အရပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူ အရပ်သား ၆ ဦးထဲမှာ ၃ ဦးက ဆယ်ကျော်သက်အရွယ် ကလေးငယ်တွေဖြစ်ပါတယ်။

The Tanintharyi Times