တနင်္သာရီမှာ ရွာကိုဖြတ်မောင်းတဲ့ စစ်ကောင်စီကားတန်းကနေ သေနတ်နဲ့ပစ်လို့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးထိမှန်

တနင်္သာရီမှာ ရွာကိုဖြတ်မောင်းတဲ့ စစ်ကောင်စီကားတန်းကနေ သေနတ်နဲ့ပစ်လို့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးထိမှန်

တနင်္သာရီမြို့နယ်က ရွာတွေကိုဖြတ်သွားတဲ့ စစ်ကောင်စီရိက္ခာကားတန်းဟာ လမ်းတလျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့လို့ မိန်းကလေးငယ်တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မနေ့က မေ ၂၁ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်မှာ မြိတ်မြို့ဘက်ကလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီကားတန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ရမ်းဖိုရွာ၊ ကမ်းတိုရွာနဲ့ ဘန်းလမွတ်ရွာတွေမှာ တောက်လျှောက်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။

လမ်းတလျှောက်တိုက်ခိုက်ခံရတဲ့စစ်ကောင်စီကားတန်းဟာ လမ်းမှာရပ်နားတာမျိုးမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်လတ်တွေနဲ့ တရစပ်ပစ်ခတ်ပြီး ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

အဲဒီလို ပစ်ခတ်ပြီးသွားနေတဲ့ စစ်ကောင်စီရိက္ခာကားတန်း အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ်ရွာကအဖြတ်မှာ နေအိမ်အတွင်းမှာရှိနေတဲ့ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကဒဲလိပ်ရွာခံတွေက ပြောပြပါတယ်။

“ သူက အိမ်ထဲမှာ နေနေရင်း ထိသွားတာပါ။ ရွာက တခြားအိမ်တွေလည်း ကျည်မှန်တာအများကြီးပဲ။ လူထိတာတော့ သူတယောက်ထဲပါ” လို့ ကဒဲလိပ်ရွာခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

သေနတ်ထိမှန်ခဲ့တဲ့ မိန်းကလေးမှာ နဖူးမှာတစ်ချက်၊ ပေါင်မှာတစ်ချက်ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး တနင်္သာရီမြို့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီနောက် ညနေ ၅ နာရီခွဲဝန်းကျင်မှာလည်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက်ကို ဦးတည်သွားနေတဲ့ နောက်ထပ် ရိက္ခာကား ၅ စီး ကို မြိတ်မြို့နယ် တောင်ပုရွာအနီးမှာ တစ်ကြိမ်၊ တနင်္သာရီမြို့နယ် ရမ်းဖိုရွာနဲ့ ကမ်းတိုရွာတွေ အနီးမှာတစ်ကြိမ်၊ ဘန်းလမွတ်ရွာအနီးမှာတစ်ကြိမ် တော်လှန်ရေးတပ်ဖွဲ့တွေကနေ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

“ကျနော်တို့ဘက်ကလည်း တောက်လျှောက်မိုင်းတွေဆွဲတာဆိုတော့ အဲ့ကားတွေက လမ်းမှာ မြင်မြင်သမျှ ပစ်ပြီးမောင်းတာဗျ။ စက်လတ်တွေနဲ့လည်း ပစ်တော့ ကျနော်တို့လည်း မိုင်းဆွဲပြီးတာနဲ့ ချက်ချင်းပြန်ဆုတ်ရတာဗျ” လို့ မိုင်းဆွဲတိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင် မြေပြင်ရဲဘော်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရိက္ခာကားတန်းကို တောက်လျှောက်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တွေကတော့ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလောပကဖ၊ ဗိုလ်ခရင်းတပ်ဖွဲ့နဲ့ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖြစ်တယ်လို့ မြေပြင်ရဲဘော်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကလည်း မြိတ်ဘက်ကလာတဲ့ စစ်ကောင်စီရိက္ခာတင်ကား ၉ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ မြိတ်မြို့နယ် လသာရွာအနီးမှာတစ်ကြိမ်၊ တနင်္သာရီမြို့နယ် ကမ်းတိုရွာအနီးမှာတစ်ကြိမ်နဲ့ ဘန်းလမွတ်ရွာအနီးမှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ရိက္ခာပို့ဆောင်ပြီး မြိတ်မြို့ဘက်ကို ပြန်လာတဲ့ စစ်ကောင်စီကား ၇ စီးကိုလည်း မေလ ၂၁ ရက်၊ မနက်ပိုင်း ၆ နာရီခွဲဝန်းကျင်က တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေကနေ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ မြေပြင်ရဲဘော်တွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ မေလ ၂၀ နဲ့ ၂၁ ရက်တွေမှာ တောက်လျှောက်မိုင်းဆွဲတိုက်ခိုက်တာတွေရှိခဲ့တဲ့ မြိတ်-တနင်္သာရီကားလမ်းမပေါ်က မြိတ်မြို့နယ်၊ တောင်ပုရွာအနီးမှာ စစ်ကောင်စီတပ်သားတွေကနေ ခရီးသွားပြည်သူတွေကို ဂိတ်ချစစ်ဆေးနေတယ်လို့ အနီးဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

The Tanintharyi Times