ထားဝယ်အခြေစိုက် စကခ-၈ ထဲက ရဟတ်ယာဥ်နှစ်စီးနဲ့ အရာရှိအဆောက်အအုံတို့ ဒရုန်းနဲ့ဗုံးကြဲခံရ
ထားဝယ်အခြေစိုက် စကခ-၈ ထဲက ရဟတ်ယာဥ်နှစ်စီးနဲ့ အရာရှိအဆောက်အအုံတို့ ဒရုန်းနဲ့ဗုံးကြဲခံရ

ထားဝယ်အခြေစိုက် အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ထဲမှာရှိနေထဲမှာ စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီးနဲ့ အရာရှိအဆောက်အအုံတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF ဆီကသိရပါတယ်။
မနေ့က မနက် ၁၀ နာရီ ၄၀ မိနစ်လောက်မှာ စကခ-၈ ထဲမှာ ရပ်နားထားသော MI-2 ရဟတ်ယာဉ် နှစ်စီးနဲ့ စစ်ကောင်စီအရာရှိပိုင်းတွေစုဝေးရောက်ရှိနေတဲ့ အဆောက်အအုံတို့ကို TPLF နဲ့ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေက ဗုံးသီး ၈ လုံးကြဲချခဲ့တာပါ။
“ကျနော်တို့ အရှေ့တောဖက်ကနေပြန်လာတဲ့ ရဟတ်ယာဉ်ဆင်းတဲ့ အချိန်ကို ချိန်သားကိုက်ကြဲချတာပါ” လို့ TPLF ရဲ့ သတင်းပြန်ကြားရေးနဲ့ စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန တာဝန်ခံကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ သတင်းပြန်ကြားရေးနဲ့ စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန တာဝန်ခံကဆက်ပြောပါတယ်။
ဗုံးကြဲခံရပြီးနောက်မှာတော့ ဒရုန်းလာတဲ့ဘက်ကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို MI-2 ရဟတ်ယာဉ်တစ်စီးနဲ့လည်း ကသန်းကျေးရွာဘက်ကို လေကြောင်းက နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူရဲ့ပြာပြချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ လေကြောင်းနဲ့ဗုံးကြဲတာတွေကြောင့် ဒရုန်းစစ်ဆင်ရေးရဲဘော်တွေဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဖူးလို့ TPLF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုတိုက်ခိုက်မှုကို TPLF ရဲ့ဒရုန်းတပ်ဖွဲ့နဲ့အတူ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက Sky Ghost Drone force၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းက T5 Wing၊ ဒေါနစစ်ကြောင်း တပ်ခွဲ (၄) KBDF Drone တပ်ဖွဲ့နဲ့ YAF Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းကလည်း စကခ ၈ ကို ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ရဲ့ ဒရုန်းတပ်ဖွဲ့က ဗုံးကျဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
The Tanintharyi Times