တနင်္သာရီ က ကျေးရွာတချို့ တစ်ပတ်လုံးနီးပါး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲခံရ
တနင်္သာရီ က ကျေးရွာတချို့ တစ်ပတ်လုံးနီးပါး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲခံရ

တနင်္သာရီမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့တပတ်လုံး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်တပ်က တောက်လျှောက် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တွေလည်း မီးလောင် ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ဧပြီ ၂၂ ရက်ကစလို့ ၂၈ ရက် ထိ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအုပ်စုက ရွာတွေကို စစ်ကောင်စီတပ်က ဆက်တိုက်ဗုံးကြဲခဲ့တာဖြစ်ပြီး မနေ့က ဧပြီ ၂၉ ရက်မှာလည်း သကျက်ကျေးရွာအုပ်စုက ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တနင်္သာရီ မြို့နယ်ထဲက ကျွဲထိန်းကုန်းရွာ၊ သကျက်ရွာ၊ အထက်ဂဏန်းကွင်းရွာနဲ့ တောင်ပိန်းရွာတွေကို မနေ့က ညနေ ၃ နာရီခွဲဝန်းကျင်မှာတစ်ကြိမ်၊ အဲ့ဒီနောက် ညနေ ၄ နာရီဝန်းကျင်ကနေ ၄ နာရီခွဲဝန်းကျင်အထိ တစ်ကြိမ် စုစုပေါင်း ဗုံးအလုံး ၄၀ ကျော်ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
“ဗုံးလာမကြဲခင် မနက်က ရွာနားမှာ တိုက်ပွဲဖြစ်ထားတော့ ကျမတို့က အဲ့ချိန်ကတည်းက ရွာပြင်ကို ရှောင်နေကြတာရှင့်။ ရွာကိုဗုံးကြဲချိန်မှာ အများစုကရှောင်နေကြပြီပေါ့။ အိမ်တွေတော့ မီးလောင်သွားတယ်” လို့ အသက် ၂၀ ဝန်းကျင်အရွယ် ကျွဲထိန်းကုန်းရွာခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီက လေကြောင်းနဲ့ မတိုက်ခိုက်ခင် မနေ့က မနက် ၆ နာရီဝန်းကျင်က ကျွဲထိန်းကုန်းရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးလို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွဲထိန်းကုန်းရွာက နေအိမ် ၁၀ အိမ်ထက်မနည်း မီးလောင်ခဲ့ပြီး တခြားရွာတွေမှာတော့ ပျက်ဆီးဆုံးရှုံးမှု အတည်မပြုနိုင်သေးဘူးလို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကြောင်း (၂) က ရဲဘော်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက် ကနေ ၂၈ ရက် အတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲရွာတွေထဲမှာ တနင်္သာရီမြို့နယ်၊ သိန္ဓော ကျေးရွာ ၊ သူဌေးရွာနဲ့ ဘန်းပြည့်ရွာတွေ ပါဝင်တယ်လို့ တနင်္သာရီမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီကသိရပါတယ်။
ဧပြီ ၂၂ ရက် လေကြောင်းတိုက်ခိုက်မှုမှာတော့ ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိန္ဓော ကျေးရွာအုပ်စု ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက သိန္ဓော ကျေးရွာအုပ်စုကို လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ ရက်တွေမှာ ကျေးရွာဝန်းကျင်အနီး တော်လှန်ရေး တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့
တယ်လို့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။
မြေပြင်တိုက်ပွဲ အခြေအနေတွေနဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
တနင်္သာရီတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလကစလို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပြီး အရပ်သား ၂ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။
The Tanintharyi Times