ပလမြို့ ရဲစခန်း သုံးရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရ
ပလမြို့ ရဲစခန်း သုံးရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရ

ပုလောမြို့နယ်၊ ပလမြို့ ရဲစခန်း ကို တော်လှန်ရေးတပ်ဖွဲ့တွေ က ဒရုန်းနဲ့ သုံးရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပလမြို့ ရဲစခန်းကို အခုလ ၂၅ ရက်နေ့ညနေပိုင်းနဲ့ ၂၆ ရက် နဲ့ ဒီကနေ့ မနက်ပိုင်းတွေမှာ ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
အရင်ရက်တွေက ပလမြို့ ရဲစခန်းဒရုန်းနဲ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ စစ်ကောင်စီတပ်က ဗိုလ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အသက် ၄၀ ဝန်းကျင်အရွယ်ရှိကြတဲ့ ပြည်သူ့စစ် အဖွဲ့ဝင် ဦးစုငယ်နဲ့ စစ်ကောင်စီခန့် မီးလောင်ချောင်းရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့ ထိခိုက်ဒဏ်ရာအသီးသီးရခဲ့ကြတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကသိရှိရပါတယ်။
“ကျနော်တို့ဘက်က သွားပစ်နေတာပါ။ ရထားတဲ့သတင်းတွေအရ ထိခိုက်သေဆုံးရှိ တယ်ကြားထားပါတယ်။”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ တပ်ရေးဗိုလ်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှာ ခြေတစ်ဖက်ဖြတ်လိုက်ရပြီး စစ်ကောင်စီတပ်ဗိုလ်တစ်ဦးမှာတော့ ခြေဖနောင့်မှာဒဏ်ရာရသွားသလို ပြည်သူ့စစ် ဦးစုငယ်မှာတော့ ကျည်စထိမှန်ဒဏ်ရာအသီးသီးရခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ ပလပြည်သူ့ဆေးရုံကနေ ဆေးဝါးတွေယူပြီး ပလရဲစခန်းထဲမှာပဲ ကုသနေတယ်လို့ ပလရဲစခန်းထဲကစစ်ကောင်စီတပ်သားတွေရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကနေ့မနက် ၈ နာရီခန့်မှာလည်း ပလပြည်သူ့ဆေးရုံမှာ ဆေးဝါးလာယူတဲ့ Vigo ကားတစ်စီးကို ဆေးရုံးအနီးမှာပဲ ဒရုန်းနဲ့တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
“ကားထိုးရပ်တာနဲ့ (ဗုံးသီး)ချလိုက်တာ ကားပေါ်ကတောင် ပြန်မဆင်းနိုင်ကြဘူး။” လို့ ဒီကနေ့မနက်ဒရုန်းတိုက်ခိုက်မှုအခြေအနေကို ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
တစ်နေ့တည်းမှာပဲ မွန်းလွဲ ၂ နာရီခွဲခန့်မှာလည်းပလမြို့ရဲစခန်းရှေ့က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကနေ့ပစ်ခတ်မှုအတွင်း ထိခိုက်ပျက်စီးမှု နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်သားတွေဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အချိန်တိုင်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလ ပထမပတ်ကလည်း ပုလောမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၈၅) ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)ကထုတ်ပြန်ထားပါတယ်။
The Tanintharyi Times