မြိတ်မှာ သင်္ကြန်တွင်း ယာဉ်တိုက်မှု နှစ်ဆယ်ကျော်ဖြစ်ပွားပြီး သုံးဦးသေဆုံး

မြိတ်မှာ သင်္ကြန်တွင်း ယာဉ်တိုက်မှု နှစ်ဆယ်ကျော်ဖြစ်ပွားပြီး သုံးဦးသေဆုံး

ပုံစာ - သင်္ကြန်အကျနေ့၊ မြိတ်တောင်လမ်း ယဉ်တိုက်မှု ဖြစ်စဉ်မှ သေဆုံးသူအမျိုးသားအား ရင်ခွဲရုံသို့ သယ်ယူနေကြစဉ် (မြိတ်မြို့ ပရဟိတအသင်းတစ်ခု)

မြိတ်မြို့မှာ သင်္ကြန်လေးရက်တာအတွင်း ယာဉ်တိုက်မှုဖြစ်စဉ် နှစ်ဆယ်ကျော်ရှိခဲ့ပြီး အမျိုးသားသုံးဦး သေဆုံးခဲ့တယ်လို့ မြိတ်မြို့ပရဟိတ အသင်းဝင်တွေဆီက သိရပါတယ်။

မြိတ်မြို့ရှိ ပရဟိတအသင်းတစ်ခုရဲ့ စာရင်းအရ ထိခိုက်ဒဏ်ရာကြီးမားလို့ အသင်းကနေ သွားရောက်ကူညီပေးရတဲ့ ယာဉ်တိုက်မှုဖြစ်စဥ် ဆယ်ခါထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦး ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အသင်းအနေနဲ့ ကူညီပေးခဲ့ရတဲ့ ယာဉ်တိုက်မှုတွေက သင်္ကြန်အကြိုနေ့ မှာ သုံးကြိမ်၊ အကျနေ့မှာ ခြောက်ကြိမ်၊ အကြတ်နေ့မှာ တစ်ကြိမ် သွားရောက်ကူညီပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရှိတဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေကတော့ သင်္ကြန်လေးရက်လုံးမှာဖြစ်ပွားခဲ့ပြီး ဆယ်ကြိမ်နဲ့အထက် ရှိတယ်လို့ ပရဟိတအသင်းရဲ့ စာရင်းအရ သိရပါတယ်။

“ သင်္ကြန်တွင်းမှာက ပုံမှန်ကာလတွေထက် ယာဉ်တိုက်မှု ဖြစ်ပွားတာ ပိုများပါတယ်။ ဖြစ်ဉ်အားလုံးနီးပါးကလည်း မူးပြီးမောင်းကြတာမို့ဖြစ်တာပါ” လို့ မြိတ်မြို့ ပရဟိတ အသင်းဝင် တစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် လူသေဆုံးရတဲ့ဖြစ်စဉ်ကတော့ သုံးခုရှိခဲ့ပြီး သင်္ကြန်အကြိုနေ့နဲ့ အကျနေ့ တွေမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

သင်္ကြန်အကျနေ့မှာ မြိတ်တောင်ရပ်ကွက် မြို့ပတ်လမ်းမှာ ရေသယ်ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိတဲ့ဖြစ်စဉ်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်ရဲ့ ပြောပြချက်အရသိရပါတယ်။

အဲ့ဒီနောက် တရုတ်တန်းရပ်ကွက်၊ အောင်ဘောဂကျောင်းအနီးက ဆိုင်ကယ်တိုက်တဲ့ဖြစ်စဉ်မှာတော့ ဆေးရုံကို ပို့ဆောင်နေစဉ်မှာပဲအမျိုးသားလူနာတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုလ ၁၃ရက်၊ သင်္ကြန်အကြိုနေ့မှာလည်း ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့သိရပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရပါဘူး။

သင်္ကြန်တွင်း ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ တနင်္သာရီ၊ ကော့သောင်းနဲ့ ဘုတ်ပြင်းမှာတော့ပရဟိတလူမှုကူညီရေးအသင်းတွေကို ဆက် သွယ်၊ အကြောင်းကြားလာတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

The Tanintharyi Times