သစ္စာစောင့် စစ်သားအိုကြီးများ
သစ္စာစောင့် စစ်သားအိုကြီးများ
ညဦး..။
စစ်အာဏာရှင် စနစ်ဆိုးအောက်တွင် ခြောက်ကပ်တိတ်ဆိတ်နေသည့် ဆောင်းညဦး..။
“ဂျိန်း…”
“ဒလိန်း…၊……”
ဆက်တိုက် ပေါ်လာသည့် ပေါက်ကွဲသံကြီးနှင့် တော်လဲသံကြီး။
အနီးအနားရွာများအားလုံးကို ပဲတင်ထပ်သွားသည်။
တော်လှန်ရေးစခန်းတွင် နေထိုင်သူများကမူ ထိုအသံကြားသည်နှင့် တပ်အပ်သိကြသည်။
“မိုင်းဆွဲသံဟေ့..”
…..တောင်ဘက်ကဟ..၊ ဘယ်အဖွဲ့က ဆွဲတာလဲ မသိဘူး”
တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုရင်း သူ့အဖွဲ့ခေါင်းဆောင်ကို မေးခွန်းထုတ်သည့်မျက်လုံးဖြင့် လှန်းကြည့်သည်။
အဖွဲ့ခေါင်းဆောင်မျက်နှာက ညမှောင်ပျပျ ထဲ ပြုံးတုံ့တုံ့။
မိုင်းဆွဲသံ မပေါ်မှီ တစ်နာရီခန့်က သူတို့စခန်းသို့ ဖုန်းသတင်းတစ်ခု ရောက်လာသည်။
စစ်ကောင်စီတပ်သား ကား ၄စီး ယာဥ်တန်းတစ်ခု ထားဝယ်မြို့မှ သူတို့အဖွဲ့ယာယီစခန်းချရာဘက်သို့ ကားလမ်းအတိုင်း မောင်းနှင်လာကြောင်း သတင်းဖြစ်သည်။
သူတို့အဖွဲ့က ယာဥ်တန်းကို လမ်းပေါ် ထွက်တိုက်ရန် အဆင်သင့် မဖြစ်သောကြောင့် ခံစစ်ပြင်ကာ သတင်းသာ နားစွင့်နေကြသည်။
ယခုမိုင်းဆွဲခြင်းသည် မည်သည့်အဖွဲ့ လုပ်ဆောင်ခြင်းဖြစ်သည်ကို အဖွဲ့ခေါင်းဆောင်မသိပါ။
သို့သော် တော်လှန်ရေးအဖွဲ့တစ်ခုခုလက်ချက်ဟု သူခန့်မှန်းမိပုံရသဖြင့် သဘောကျပြုံး ပြုံးမိခြင်း ဖြစ်လိမ်မည်။
ထားဝယ်မြို့နယ်အတွင်း အနီးအနားရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများက အဖွဲ့ခေါင်းဆောင်ကို ဖုန်းဆက် စုံစမ်းကြသည်။
“ဘယ်အဖွဲ့ လက်ချက်လဲ”
အဖွဲ့ခေါင်းဆောင်က ပြန်ဖြေသည်။
“ကျွန်တော်တို့ အဖွဲ့ကတော့ မဟုတ်ဘူး၊ ဘယ်အဖွဲ့ဆိုတာ စုံစမ်းဆဲပါ။ သိရင် ပြန်အကြောင်းပြန်ပါမယ်။ ခင်ဗျားတို့သိရင်လည်း ကျွန်တော်တို့ကို ပြန်ပြောပါ”
မကြာမီတွင် စစ်ကောင်စီကားတန်း မိုင်းဆွဲခံရကြောင်းနှင့် ကားတစ်စီးမှာ ဆက်မောင်း၍ မရလောက်အောင် ပျက်စီးသွားပြီး ကားတန်းမှာ နီးစပ်ရာ ရွာဘုန်းကြီးကျောင်းများတွင် ခိုကပ်နေထိုင်နေကြရကြောင်း၊ စစ်ခွေးများ ထိခိုက်ဒဏ်ရာရမှုမှာ မသိရသေးကြောင်း သတင်းများ ညတွင်းချင်း ပျံ့နှံ့သွားသည်။
မိုင်းဆွဲသံ၏ လက်သည်ကား မပေါ်။
“သတင်းတွေမှာ မပါချင်ဘူး၊ အာရုံများတယ်။ သိုသိုသိပ်သိပ်ပဲလုပ်ချင်တယ်။ ငါတို့က နာမည်ကြီးဖို့ လုပ်တာမဟုတ်ဘူး”
ချကျွေးထားသော ဆီထမင်းကို ပလုပ်ပလောင်းစားရင်း စစ်သားအိုကြီးက ပလုံးပထွေး ပြောသည်။
တော်လှန်ရေးတပ်သား တပ်မတော်ထွက် စစ်သားအိုကြီးနှင့်အဖွဲ့က တဲတစ်ခုတွင် တဲရှင်များ ကျွေးမွေးသည့် ဆီထမင်းနှင့် အသင့်ဖျော်လက်ဖက်ရည်ကို အားရပါးရ စားနေကြသည်။
သူတို့ ထိုသို့ စားရရန် ညက တောင် ၃ လုံးခန့် ဖြတ်ကျော်ခဲ့ကြရသည်။
စစ်သားအိုကြီးက သူ၏ နာမည်ရင်းကို မဆိုထား၊ သူ၏ တော်လှန်ရေးအမည်ကိုပင် အသိမခံချင်။
သူနှင့် စိတ်တူကိုယ်တူ တော်လှန်ရေးရဲဘော် ၃ ဦးတို့ အိပ်ပျက် အစားပျက်ခဲ့သည်မှာ ၅ ရက်ကျော်ခဲ့ပြီဖြစ်ကြောင်းသာ ပြောရင်း ဆီထမင်းကို အသားကုန် လွေးကြသည်။
စစ်သားအိုကြီး ဦးဆောင်သည့် ၄ ဦးပါ ပြောက်ကျားတပ်စု။
ညက ကွဲခဲ့သည့် မိုင်း၏လက်သည်များ။
သူတို့ ခံယူချက်က လူနည်းလေလေ ခြေသံလုံလေလေ။ ကိုယ်ယောက်ဖျောက်ရ လွယ်လေလေ။ အမိန့်စီးဆင်းမှု အားကောင်းလေလေ။
“ညက ကားတန်းမှာ ကားသုံးစီးမို့လို့ပေါ့ကွာ..၊ တစ်စီးတည်းဆို အပိုင်ပဲ၊ ပစ္စည်းတွေပါ ရမှာ..၊ ဒီကောင်တွေ လူများပေမယ့် သတ္တိမရှိဘူးဟေ့၊ မောင်းပြေးတာ အသားကုန်ပဲ”
ပစ္စည်းဆိုသည်မှာ စစ်သားများကိုင်သည့် စက်သေနတ်များကို ရည်ညွှန်းခြင်း ဖြစ်သည်။
ပျောက်ကျားအဖွဲ့ငယ်အဖွဲ့ဝင်အားလုံး၏ မျက်နှာများ ချောင်ကျကာ သူတို့ ၅ ရက်ခန့် အိပ်ရေးပျက်ခဲ့သည်။ အစားလည်း မမှန်ခဲ့ဟု ပြောကြသည်။
သို့သော် သူတို့ စကားသံများက ကြည်လင်နေကြသည်။ ဟန်မူများက ဖြတ်လတ် တက်ကြွနေကြသည်။ ကွမ်းယာ ယာနေသည့် သူတို့လက်များက ကတုန်ကယင်ဖြစ်မှု စိုးစဥ်းမျှ မရှိ။
သူတို့အဖွဲ့ငယ်၏ အဖွဲ့ခေါင်းဆောင် စစ်သားအိုကြီးက ကွမ်းချေးများ ထူလပြစ်ဖြစ်နေသော သွားများဖြင့် ဆေးပေါ့လိပ်ကို ကိုက်ဖွာရင်း ပြောသည်။
“ငါတို့တော်လှန်ရေး ငါတို့ အပြီးလုပ်မယ်။ တော်လှန်ရေးပြီးမှ ချီးကျူးချင်ကျူး၊ မကျူးချင်နေ၊ လက်ရှိ ငါတို့ရဲဘော်တွေ တောတိုးဖို့ အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည် လိုချင်တယ်ကွာ၊ မိုင်းတွေလည်း ထပ်ဖြည့်ချင်တယ်၊ ရှိရင် ပေးပါဦး” တော်လှန်ရေးပျောက်ကျားအဖွဲ့ငယ်ခေါင်းဆောင် ပိန်ညောင်ညောင် စစ်သားအိုကြီး၏ မျက်ကွင်းများ ညိုမဲနေကြသည်။
သူ့မျက်လုံးများက တည်ကြည်တောက်ပနေသည်။
အာဏာသိမ်းတပ်မတော်ဘက်က ကြည့်လျှင် သူတို့သည် သစ္စာဖောက်များ။
ကိုယ့်မိခင်တပ်ကို ကိုယ်ပြန်တိုက်နေသော စစ်သားဟောင်းများသည် နေ့တိုင်း ရွတ်ခဲ့ဖူးသည့် တပ်မတော် သစ္စာအဓိဌာန် (၄) ချက်ကို ဖောက်ဖျက်သူများဟု ယိုးစွတ်သည်။ တပ်မတော်၏ သစ္စာအဓိဌာန်ကို နေ့စဥ် ရွတ်ဖတ်ခဲ့ပြီး အကြောင်းမျိုးမျိုးနဲ့ ထွက်ခွာသွားကြပြီးမှ မိခင်တပ်မတော်ကို ပြန်လည် သစ္စာ ဖောက်သူများဟု အာဏာသိမ်း တပ်မတော်ဘက်သားများက သမုတ်ကြသည်။
စစ်ပညာတွေ သင်ကြားပေး၊ လစာတွေ နေစရာတွေပေး၊ စားစရာကျွေးပြီး မွေးမြူပျိုးထောင်ခဲ့သည့် မိခင်တပ်မတော်ကို ပြန်လည်တိုက်ခိုက်နေသည့် သစ္စာဖောက်ကြီးများဟု အာဏာသိမ်းစစ်တပ်က ရှုမြင်ကြသည်။
“၁။ ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။”
“၂။ ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို စောင့်သိ ရိုသေပါမည်။”
“၃။ ငါ့အား နိုင်ငံတော်မှ ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပါမည်။”
“၄။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ့၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန် ပြုပါသည်။”
စစ်သားအိုကြီးများဘက်က ပြန်ကြည့် လျှင်ကား သူတို့သည် ပြည်သူနှင့် အမှန်တရားကို စောင့်ရှောက်ကြသည့် သစ္စာစောင့်သူများ။
တပ်မတော်၏ သစ္စာအဓိဌာန် (၄)ချက်ကို အမှန်တကယ် ဆန့်ကျင်ဖောက်ဖျက်သူများမှာ သူတို့မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်သာဖြစ်ကြောင်း နွေဦးတော်လှန်ရေးတိုက်ပွဲဝင် တော်လှန်သော စစ်သားအိုကြီးများ ပြန်ချေပကြသည်။
သူတို့ကို ယူခဲ့သည့် လစာနှင့် အခြားအခွင့်အရေးများသည် ပြည်သူ့ထံမှသာ ဆင်းသက်သဖြင့် ပြည်သူကိုသာ သစ္စာခံရမည်ဟု ဆိုကြသည်။
“ပြည်သူကျွေးတဲ့ထမင်းပဲ စားခဲ့တာ၊ သစ္စာစောင့်ရင် ပြည်သူကိုပဲ သစ္စာစောင့်မယ်”
ယင်းသို့ ပြောလာသူက တပ်ထွက် စစ်သားအိုကြီး အောင်ချစ်။
အောင်ချစ်(အမည်လွဲ)၏ တော်လှန်ရေးအမည်က “ဆင်”။
ဆင် ဆိုသည့်အမည်အတိုင်း ဗလတောင့်တောင့် စစ်သားဟောင်းကြီးက လမ်းသွားလျှင်ပင် အားမာန်အပြည့်။ သူတို့ ပြည်သူ့ကာကွယ်ရေးတပ်စိပ် ရှေ့တန်းထွက်၍ တောတိုးလျှင် ရှေ့ဆုံးက တခြုံးခြုံး။
မြန်မာနိုင်ငံအလယ်ပိုင်းသား အသက် ၁၇ နှစ်တွင် စစ်ထဲဝင်ပြီး မြန်မာနိုင်ငံမြောက်ဖျား၊ တောင်ဖျား တပ်ရင်းများတွင် စစ်မှုထမ်းရင်း ဘုတ်ပြင်းတွင် ထားဝယ်သူနှင့် အိမ်ထောင်ကျခဲ့သူ။
တပ်မတော်၏ မူအတိုင်း မကျင့်သောအထက်အရာရှိများကို စိတ်နာကာ တပ်ပြေးအဖြစ် အဖမ်းပြန်ခံပြီး ထားဝယ်သို့ လိုက်လာကာ မိသားစုနှင့် အတူနေထိုင်သည်မှာ ဆယ်စုနှစ် ၃ ခု ရှိခဲ့ပြီ ဖြစ်သည်။
၂၀၂၁ မတ်လဆန်းတွင် သူနေထိုင်ရာရွာသို့ စစ်ကားတန်း ရောက်လာစဥ် ရွာသားများနှင့်ပေါင်းကာ လေးခွ အစရှိသော လက်လုပ်ရရာလက်နက်များဖြင့် ကာဆီးတိုက်ခိုက်ခဲ့ပြီးနောက် ရွာတွင် ဆက်မနေတော့ဘဲ တောခိုလာခဲ့သူ။
တပ်မတော်ကို ချစ်ခဲ့ဖူးသော်လည်း အာဏာသိမ်းစစ်တပ်၏လုပ်ရပ်ကို သူ စက်ဆုတ်သည်။
“ငါတို့က ပြည်သူ့သားကောင်းတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ စစ်သားလုပ်ခဲ့တာ။ အခုက ကိုယ့်ကို ကျွေးတဲ့ပြည်သူကို ပြန်သတ်နေတယ်ဆိုတော့လေ။ အခု သူတို့ လုပ်နေတာက ကျင့်ဝတ် ၆၀ နဲ့ လည်း မကိုက်ညီတော့ဘူး၊ သစ္စာ ၄ ချက်နဲ့လည်း မကိုက်ညီတော့ဘူး”
စစ်သားကျင့်ဝတ် ၆၀ တွင် ဆင် မှတ်မိနေသည်က
“ရန်သူကို နေလိုမီးလို ဆက်ဆံရမည်။
ပြည်သူကို ရေလို လလို ဆက်ဆံရမည်”။
“အခုက ပြောင်းပြန် လုပ်နေတာ” ဟု ဆင်က ဆိုသည်။
နွေဦးတော်လှန်ရေးတိုက်ပွဲတွင် တပ်ထွက် စစ်သားအိုကြီး တို့၏ အခန်းကဏ္ဍက အရေးပါလှသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရက်စက်စွာ သတ်ဖြတ်နှိပ်ကွပ်ခံရပြီးနောက် လက်နက် စွဲကိုင်တော်လှန်ရေး လမ်းစဥ် စကတည်းက စစ်သားဟောင်းကြီးများ အလုပ်များကြရသည်။
အထူးသဖြင့် ထားဝယ်ဒေသတစ်ဝိုက် တော်လှန်ရေးရဲဘော်များကို အခြေံခံစစ်ပညာသင်တန်း စတင်သင်ကြားပေးသူတို့မှာ စစ်သားဟောင်းကြီးများ ဖြစ်သည်။
လက်နက်ခဲယမ်းနှင့် မယဥ်ပါးသော အရပ်သားတော်လှန်ရေးသမားများကို လက်နက်၊ မိုင်း၊ လက်ပစ်ဗုံး စသော လက်နက်ခဲယမ်းများ လုပ်ကိုင်တတ်၊ လက်တွေ့ သုံးစွဲတပ်ရန်အတွက် အခြေခံမှအစ သူတို့ သင်ပြကြရသည်။
တပ်မတော်တွင် တာဝန်ထမ်းခဲ့စဥ်က ရရှိခဲ့သော လက်တွေ့သင်ခန်းစာများကို သူတို့က တော်လှန်ရေးရဲဘော်များကို အားမာန်အပြည့်ဖြင့် ပြန်မျှဝေကြသည်။
“မှောက်လျှက် ပစ်နည်း ကြည့်ထား၊ တစ်၊ နှစ်၊ သုံး၊ လေး..”
ဦးအောင်ဘက အမှတ်စဥ်ရေရင်း ကျောက်စရစ်တောထဲ မှောက်ချလိုက်သည်။
သူ့တစ်ကိုယ်လုံး ချွေးတို့ ရွှဲရွှဲနစ်နေသော်လည်းသုတ်မအား။ သူ့လက်ထဲရှိ ဝါးချောင်းသေနတ်က ရှေ့တူရူကို ဖြောက်တန်းနေသည်။
အသက် ၆၀ ကျော်က ဇရာထောင်းနေပြီဖြစ်သော်လည်း ဖြတ်လတ်ဆဲ တော်လှန်သော စစ်သားအိုကြီး ဦးအောင်ဘ(အမည်လွှဲ)သည် ချွေးတစ်လုံးဖြင့် အခြေခံ စစ်ပညာသင်တန်း ပို့ချပေးနေသည်။
လူငယ် သင်တန်းသား ၂၆ ဦးကလည်း ဦးအောင်ဘ လုပ်သည့်အတိုင်း လိုက်လုပ်ကြသည်။
ဦးအောင်ဘသည် ထားဝယ်ဇာတိမဟုတ်သော်လည်းထားဝယ်ဒေသတွင် တာဝန်ကျကာ ထားဝယ်သူကိုယူပြီး တပ်မှထွက်ကာ ထားဝယ်တွင် နေထိုင်သည်။
သူသည် ယခုအချိန်တွင် ပြည်သူထဲက ပြည်သူ။
ယခု ပေါ်ပေါက်နေသည့် ပြည်သူ့တော်လှန်ရေးသည် သူ့တော်လှန်ရေးဟု သူခံယူသည်။
“ကျည်ကွယ် မျက်ကွယ်၊ ပစ်ကွင်းလွယ်၍၊ ရှောင်ဖယ်ထင်ရှား၊ပစ်မှတ်များအား၊ စွမ်းအားအကုန်၊ လက်နက်စုံဖြင့်…”
စစ်သားဟောင်းကြီးအောင်ဘက သူ့သင်တန်းသားများအား သူကျက်မှတ်ခဲ့ဖူးသည့် တိုက်စစ်ဆင်လေးချိုးကို အားမာန်အပြည့်ဖြင့် မမောမပန်း ပို့ချနေသည်။
သူတို့သည် သူတို့တတ်ကျွမ်းခဲ့သော စစ်ပညာကို ပြန်မျှဝေသကဲ့သို့ ကိုယ်တိုင်လည်း တော်လှန်ရေး တိုက်ပွဲဝင်ရန်အသင့် ဖြစ်နေကြပါသည်။
တော်လှန်သော စစ်သားအိုကြီး ဆင် သည်လည်း တိုက်ပွဲဝင်ရန်အသင့်။
အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းပြီးနောက် သူတို့ စစ်သားဟောင်းများကို ပြန်ခေါ်သည်။ နီးစပ်ရာ ရဲစခန်းများ၊ တပ်ရင်းများမှတစ်ဆင့် ဆက်သွယ်က ပြန်ခေါ်သည်။သို့သော် သူတို့ မသွားကြ။ ရပ်ရွာမှ ရှောင်ပြေးကြသည်။ တော်လှန်သူတို့နှင့် ပူးပေါင်းကြသည်။
သူတို့သည် မိခင်တပ်မတော်ကို သစ္စာဖောက်သူများမဟုတ်။ တပ်မတော်၏ မူလ သစ္စာအဓိဌာန်ကို စောင့်ထိန်းသူများဖြစ်သည်။
ပြည်သူ့သစ္စာ စောင့်သိသူများသာ ဖြစ်သည်။
ဆင်က သူရှင်သန်ခဲ့ဖူးသော တပ်မတော်ရပ်ဝန်းကို ရည်ညွန်းကာ ကြွေးကြော်သည်။
ဆင်၏ ကြွေးကြော်သံက ထားဝယ်ဒေသတစ်နေရာ ……တောင်မှ မိုင်းခွဲသံနှင့် တူလွန်းလှသည်။
“သူတို့ သစ္စာ မစူးပါစေနဲ့၊ ငါကတော့ အနိုင်ရမှ အိမ်ပြန်မယ်”
လုလင်
The Tanintharyi Times
