စစ်အုပ်စုအပေါ် နိုင်ငံတကာ ဒဏ်ခတ်အရေးယူတာတွေ လုံလောက်မှုမရှိဘူးလို့ JFM ထုတ်ပြန်
စစ်အုပ်စုအပေါ် နိုင်ငံတကာ ဒဏ်ခတ်အရေးယူတာတွေ လုံလောက်မှုမရှိဘူးလို့ JFM ထုတ်ပြန်
စစ်အာဏာသိမ်းကြိုးစားမှု ကာလ ၃ နှစ်တာအတွင်း စစ်ကောင်စီနဲ့ ဆက်စပ်ပတ်သက်သူ ၁၆၀ ကျော်နဲ့ အဖွဲ့အစည်းပေါင်း ၇၅ ခုကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်ခဲ့ပေမယ့် မြန်မာပြည်သူတွေအတွက် လုံလောက်မှုမရှိဘူးလို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ စစ်ကောင်စီ ဝန်ကြီး၊ ဒုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ယာယီသမ္မတ၊ စစ်တိုင်းမှူးတွေ၊ စစ်ရေးအရာရှိတွေ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ တရားစီရင်ရေးကော်မရှင် တာဝန်ရှိသူတွေ၊ စစ်ကောင်စီခန့် ညွှန်မှူး၊ ညွှန်ချုပ် စတဲ့ အစိုးရထိပ်ပိုင်းဝန်ထမ်းတွေ၊ စစ်တပ်က ချုပ်ကိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဒါရိုက်တာတွေ၊ စစ်တပ်နဲ့ စီးပွားရေးဆက်စပ်သူ ခရိုနီတွေ၊ စစ်ကောင်စီကို စက်ပစ္စည်းနဲ့ လေယာဉ်ဆီတွေ တင်သွင်းရောင်းချပေးနေသူတွေ စတဲ့ လူပုဂ္ဂိုလ် ၁၆၁ ဦးကို နိုင်ငံတကာက အရေးယူခဲ့ပါတယ်။
အဖွဲ့အစည်းအနေနဲ့ ဆိုရင် စစ်ကောင်စီအဖွဲ့အစည်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေ၊ စစ်ကောင်စီအဖွဲ့ဝင် မိသားစုတွေရဲ့ လုပ်ငန်းတွေ၊ လေယာဉ်ဆီနဲ့ စစ်လက်နက်၊ စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းတွေကို တင်သွင်းရောင်းချနေတဲ့ လုပ်ငန်းတွေကို နိုင်ငံတကာက အရေးယူခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ စစ်အုပ်စုဆီကို ဘဏ္ဍာရေးရန်ပုံငွေ၊ စစ်လက်နက်တွေ၊ စက်ပစ္စည်းကိရိယာတွေ၊ နည်းပညာတွေနဲ့ လေယာဉ်ဆီတွေ စီးဆင်းနေမှုတွေကို ရပ်တန့်ဖို့နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေကို လူ့အခွင့်အရေးချိုးဖောက်မှု အကျင့်ပျက်ခြစားမှုတွေအတွက် အရေးယူနိုင်ဖို့ အရေးကြီးတဲ့ ယန္တရားတစ်ခု ဖြစ်တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
Justice for Myanmar အဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး အမေရိကန် US ၊ ဥရောပသမဂ္ဂ EU ၊ ဗြိတိန် UK ၊ ကနေဒါ ၊ ဩစတြေးလျ၊ နယူးဇီလန် ၊ အိန္ဒိယ ၊ ဂျပန် ၊ တောင်ကိုရီးယားနိုင်ငံတို့ကို စောင့်ကြည့်ခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။
အဆိုပါ နိုင်ငံတွေထဲမှာ အိန္ဒိယ ၊ ဂျပန် ၊ တောင်ကိုရီးယားနိုင်ငံတို့ဟာ ဘယ်လိုဒဏ်ခတ်အရေးယူမှုမျိုးကိုမှ လုပ်ဆောင်ထားတာ မရှိဘူးလို့ ထုတ်ပြောထားပါတယ်။ အိန္ဒိယအစိုးရပိုင် Bharat Electronics Limited BEL ဟာ အာဏာသိမ်းစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ အကြိမ်ကြိမ်လွှဲပြောင်းပေးခဲ့တဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။
BEL ဟာ မြန်မာစစ်တပ်ဆီကို ၂၀၁၄ ကနေ အာဏာသိမ်းကာလ ၂၀၂၁ နောက်ပိုင်းအထိ စစ်ဘက်သုံးပစ္စည်းတွေကို တင်ပို့ရောင်းချနေတာ ဖြစ်ပြီး လက်နက်တည်နေရာပြရေဒါစနစ်၊ မြင်ကွင်းချိန်ရွယ် ရောင်ပြန်လက်နက်၊ အသံနဲ့ဒေတာဆက်သွယ်ရေးတွေကို ထုတ်လွှင့်ပေးနိုင်တဲ့ ရေဒီယိုပစ္စည်အမျိုးအစားတွေ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါစနစ်တွေကို ရောင်းချပေးခဲ့တယ်လို့ BEL လုပ်ငန်းကုန်သွယ်ရေးမှတ်တမ်းတွေက ဖော်ပြပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ သူတို့ရဲ့အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ ရန်ကုန်မြို့ရှိ Y Complex စီမံကိန်း (စစ်သမိုင်းပြတိုက် ပြန်လည်ပြုပြင်ရေး စီမံကိန်း) ကို အကောင်အထည်ဖော်နေပြီး အဆိုပါ စစ်တပ်ပိုင်နေရာမှာ အကြီးစားအိမ်ခြံမြေစီမံကိန်း တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
Y Complex Project နေရာဟာ မြန်မာခရိုနီကုမ္ပဏီ Yangon Technical and Trading နဲ့ စစ်အုပ်စုက ဗိုလ်မှူးကြီး အောင်မင်းသိန်း၊ ဒုဗိုလ်မှူး၊ စစ်ထောက်ချုပ်ရုံး ဒုဗိုလ်ချုပ်၊ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တို့အကြား ချုပ်ဆိုထားတဲ့ မြေငှားစာချုပ် ဖြစ်ပြီး ဂျပန်အစိုးရအနေနဲ့ ယင်း စီမံကိန်းကို အကောင်အထည်ဖော်နေတာဟာ လက်နက်ခဲယမ်းတွေ၊ ဗုံးတွေ၊ လေယာဉ်ဆီတွေကို ဝယ်ယူနေတဲ့ စစ်ထောက်ချုပ်ရုံးကို ပံ့ပိုးနေခြင်းသာ ဖြစ်တယ်လို့ မြန်မာဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင် IIFFMM ကို ထုတ်ဖော်ပြောဆိုထားပါတယ်။
တောင်ကိုးရီးယားအစိုးရပိုင် ကုမ္ပဏီဖြစ်တဲ့ KOGAS ၊ POSCO International စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ ပူးပေါင်းကာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို လုပ်ဆောင်နေပြီး စစ်တပ်ကို ဘဏ္ဍာရေးထောက်ပံ့နေဆဲ အခြေအနေဖြစ်တယ်လို့ JFM က ထောက်ပြပါတယ်။
အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကို ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့သလို မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ အခု ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
နယူးဇီလန်နိုင်ငံကတော့ စစ်အုပ်စုနဲ့ သံတမန်ဆက်ဆံရေးတွေကို အစောပိုင်းကတည်းက တရားဝင်ဆိုင်းငံ့လိုက်ပြီး စစ်ကောင်စီဘက်က လူ ၂၁ ဦးကို ခရီးသွားလာခွင့် ပိတ်ပင်ခဲ့တာက လွဲရင် ကျန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ နယူးဇီလန်တို့ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ညှိနှိုင်းဆောင်ရွက်မှု အားနည်းနေပြီး ကုမ္ပဏီတွေရဲ့ ကွန်ရက်တခုလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိသေးသလို စစ်အုပ်စုကို ရန်ပုံငွေ၊ လက်နက်၊ စက်ကိရိယာ၊ နည်းပညာနဲ့ လေယာဉ်လောင်စာဆီတွေ ဆက်ပြီးပံ့ပိုးပေးနေတဲ့ လူတွေ၊ အဖွဲ့အစည်းတွေအပေါ် လုံလောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မရှိသေးဘူးလို့ JFM ဘက်က ပြောပါတယ်။
စစ်ကောင်စီကို ဝင်ငွေအများဆုံးပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE က ဥရောပသမဂ္ဂက အလုံးစုံဒဏ်ခတ်ပိတ်ဆို့ထားပေမယ့် အမေရိကန်အနေနဲ့ ငွေကြေးဝန်ဆောင်တွေကိုသာ တားမြစ်ထားတဲ့ ကိစ္စ၊ မိုင်တဲ Mytel မိုဘိုင်းကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ Telecom International ကုမ္ပဏီကို ဘယ်တရားစီရင်ပိုင်ခွင့် နယ်မြေကမှ ဒဏ်ခတ်အရေးယူတာ မရှိသေးတာ၊ စစ်အုပ်စုကို ဘဏ္ဍာငွေ ပံ့ပိုးပေးနေတဲ့ ခရိုနီတဦးချင်းစီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အရေးယူမှု အနည်းငယ်သာချမှတ်ထားတာတွေကို Justice for Myanmar အဖွဲ့က ထုတ်ဖော်ခဲ့ပါတယ်။
နိုင်ငံတကာအနေနဲ့ အာဏာသိမ်းကြိုးစားမှုတွေကို ငြင်းပယ်ပြီး ဖက်ဒရယ်တည်ဆောက်ဖို့ ရုန်းကန်ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့သောအားဖြင့် ပစ်မှတ်ထား အရေးယူမှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုတွေကို ပိတ်ဆို့ပေးဖို့ တောင်းဆိုတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
The Tanintharyi Times
