ထားဝယ်မှာ KNU ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ကော်သူးလေတပ်မတော်ကပစ်ခတ်

ထားဝယ်မှာ KNU ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ကော်သူးလေတပ်မတော်ကပစ်ခတ်

ဓာတ်ပုံ - ကော်သူးလေတပ်မတော်ရဲဘော်တွေ(ပုံဟောင်း)။

KNU တပ်မဟော ၄ ရဲ့ ကယ်စယ်ဒို မြို့နယ်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်နဲ့ ကျန်းမာရေးဝန်ထမ်းတွေလိုက်ပါလာတဲ့ စက်လှေကို ကော်သူးလေတပ်မတော်က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အခုလ ၁၉ ရက် မနက် ၁၀ နာရီလောက်က ထားဝယ်အရှေ့တောဒေသ၊ ဖောင်းတောရွာ ချောင်းထဲမှာ စက်လှေနဲ့ သွားနေချိန်မှာ ကော်သူးလေတပ်မတော် ဗိုလ်အယ်ခွီးရဲ့ ရဲဘော်တွေက ပစ်ခတ်ခဲ့တယ်လို့ KNU တပ်မဟာ ၄ ရဲ့ သတင်းတွေကို ဖော်ပြနေတဲ့ ကွဲကလူသတင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီပစ်ခတ်မှုမှာ ရွာသားတစ်ဦး ဒဏ်ရာရခဲ့ပြီး ပစ်ခတ်မှုကို လာရောက်စစ်ဆေးတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့တွေလည်း ထပ်မံပစ်ခတ်ခံခဲ့ရတယ်လို့ ကွဲကလူသတင်းဖော်ပြချက်နဲ့ ဒေသခံဆီက သိရပါတယ်။

အဲဒီပစ်ခတ်မှုမှာလည်း တပ်မဟာ ၄ KNLA၊ တပ်ရင်း ၁၂ က ရဲဘော်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်ခဲ့ပေမယ့် အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မသိရသေးဘူးလို့ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။

ဘန်းချောင်းဒေသခံကရင်တိုင်းရင်းသူတစ်ဦးကတော့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းပစ်ခတ်မှုကို လုံးဝမဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။

“အလကားနေရင်း အချင်းချင်းပဲဖြစ်နေပြီး စကစကို မတိုက်ရဘဲနဲ့ အချင်းချင်းဖြစ်ပြီးသေတဲ့ဟာမျိုးက လူ့အသက် တစ်ချောင်းက ပြန်မရှင်နိုင်တော့ဘူး ဒါကြောင့်မဖြစ်စေချင်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး” လို့ ဘန်းချောင်းဒေသခံ ကရင်တိုင်းရင်းသူ နော်ဝါးဝါးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့ ဖောင်းတောဒေသအပါအဝင် ဘန်းချောင်းဒေသမှာ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော်နဲ့ ကော်သူးလေတပ်မတော်ကြား စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ သိရပါတယ်။

ကရင်လက်နက်ကိုင်နှစ်ဖွဲ့ စစ်ရေးတင်းမာနေတဲ့ ဘန်းချောင်းဒေသမှာ ဒေသခံတွေမိုင်းထိတဲ့ ဖြစ်စဥ်တွေ ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဘန်းချောင်းဒေသ ပျားသားချောင်းမှာ အမျိုးသမီးတစ်ဦး မိုင်းထိမှန်လို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုနှစ် အောက်တိုဘာလကလည်း ဖားသားရေပူနဲ့ ဖောင်းတောမီးစက် တို့မှာ ဒေသခံတွေမိုင်းထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်နှစ်ခု ရှိခဲ့ပါတယ်။

“တကယ်တမ်းက ဒီနေရာက စကစက အရမ်းကြီးလှုပ်ရှားနေတဲ့နေရာ၊ ပြီးတော့ အရမ်းကြီး တိုက်ပွဲပြင်းထန်နေတဲ့ နေရာလည်းမဟုတ်ဘူး။ ဒါကြောင့် ရွာသားတွေ မိုင်းထိစရာအကြောင်းကို မရှိဘူး။ အများပြည်သူတွေရှိနေတဲ့နေရာမှာ ဘယ်လက်နက်ကိုင်အဖွဲ့ဘဲဖြစ်ဖြစ် မိုင်းမထောင်သင့်ဘူး” လို့ ဒေသခံ နော်ဝါးဝါးက ဆိုပါတယ်။

ဘန်းချောင်းဒေသမှာ ဒေသခံတွေကို နှစ်ဖက်ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။

နှစ်ဖက်ထိတွေပစ်ခတ်မှုတွေရှိခဲ့ပြီး ထိခိုက်သေဆုံးမှုတွေအထိ ရှိခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ကော်သူးလေတပ်မတော်(KTLA)တို့အကြားဖြစ်ပွားနေတဲ့ ပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့ ကရင်အရပ်ဖက်အဖွဲ့တွေနဲ့ ဒေသခံတွေက တောင်းဆိုထားကြပါတယ်။

The Tanintharyi Times