စစ်ဖက်နဲ့ပတ်သက်တဲ့ အမှုအခင်းတွေ ပေါ်ပေါက်ရင် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ကို တိုင်ကြားဖို့ NUG ထုတ်ပြန်
စစ်ဖက်နဲ့ပတ်သက်တဲ့ အမှုအခင်းတွေ ပေါ်ပေါက်ရင် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ကို တိုင်ကြားဖို့ NUG ထုတ်ပြန်
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ပေါ်ပေါက်လာတဲ့ စစ်ဖက်ဆိုင်ရာ အမှုအခင်းတွေနဲ့ ပတ်သက်ပြီး စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ကို ဆက်သွယ်သတင်းပို့တိုင်ကြားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တိုင်ကြားလိုသူဟာ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ရဲ့ အီးမေးလ် လိပ်စာ cicmc@mod.nugmyanmar.org ကို ဆက်သွယ် သတင်းပေးပို့တိုင်ကြားရမှာပါ။
ဒီကော်မရှင်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ NUGရဲ့ တရားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ CDM တရားရေးဝန်ထမ်းတွေ၊ ဥပဒေကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပါတယ်။
အမှုအခင်းဖြစ်ပွါးတဲ့ ဒေသတွေမှာ လိုအပ်ရင် ခရိုင်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ ထပ်ဖွဲ့စည်းပြီးဆောင်ရွက်၊ လုပ်ကိုင်မှာဖြစ်သလို ပြစ်မှုကျူးလွန်သူတွေကို စစ်ဖက်တရားစီရင်မှုစနစ်၊ အရပ်ဖက်တရားစီရင်မှုစနစ်တွေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
တိုင်ကြားလာတဲ့ အမှုအခင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေလုပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စုံစမ်းစစ်ဆေးဖို့၊နစ်နာသူတွေ တရားမျှတမှုရှိစေဖို့နဲ့ ဥပဒေစိုးမိုးရေး ဖော်ဆောင်ဖို့ ရည်ရွယ်ပြီး NUG ဟာ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ကို ယခင်နှစ် ဒီဇင်ဘာလ (၃) ရက်က ဖွဲ့စည်းခဲ့ပါတယ်။
