တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီနဲ့ သံအမတ်အချို့ကိုတွေ့ပြီး အာဆီယံ အထူးသံခရီးစဉ် ပြီးဆုံး

တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီနဲ့ သံအမတ်အချို့ကိုတွေ့ပြီး အာဆီယံ အထူးသံခရီးစဉ် ပြီးဆုံး

Prak Sokhonn
ပုံ - Prak Sokhonn

မြန်မာနိုင်ငံကို ဇွန်လ ၂၉ ရက်နေ့ကတည်းက ရောက်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဝန်ကြီးအချို့ကို တွေ့ဆုံပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အချို့၊ နိုင်ငံရေးပါတီအချို့နဲ့ ရန်ကုန်မှာရှိတဲ့ သံအမတ်အချို့တို့နဲ့ တွေ့ဆုံပြီး သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ခရီးစဉ်ရဲ့ နိဂုံးချုပ်အဖြစ် မြန်မာနိုင်ငံ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရှာဖွေဖို့ အထင်ရှားဆုံး လမ်းကြောင်းဖြစ်တဲ့ အပြန်အလှန် နားလည်သဘောပေါက်ပြီး ညှိနှိုင်းဆွေးနွေးကြဖို့ ပါ၀င်ပတ်သက်သူအားလုံးကို ဆက်လက်တိုက်တွန်းပါတယ်လို့ အထူးကိုယ်စားလှယ်က ဆိုပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်ပြီး ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆိုခွန်းဟာ မနေ့က ဇူလိုင် ၁ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံတဲ့အခါမှာ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ကိစ္စကို ဆွေးနွေးခဲ့ပြီး ကမ္ဘောဒီးယား ပြည်တွင်းပဋိပက္ခ အဆုံးသတ်ဖို့အတွက် ဝန်ကြီးချုပ် ဟွန်ဆန် အသုံးပြုခဲ့တဲ့ နည်းနာတွေကို မျှဝေခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဇူလိုင် ၂ ရက်မှာတော့ ၎င်းဟာ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့ပြီး ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့အပြင် မွန်၊ ဇိုမီး၊ ပအိုဝ်း၊ တအာင်း(ပလောင်) ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပြန်လည် တည်ငြိမ်အေးချမ်းဖို့ အခြေအနေတွေ၊ ဒေသအသီးသီးက နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍတွေကို ဆွေးနွေးခဲ့တယ်လို့ ပရက်ဆိုခွန်းက ဆိုပါတယ်။

အဲဒီနောက်မှာတော့ ပြင်သစ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဩစတြးလျ သံရုံးတွေက သံအမတ်ကြီးတွေနဲ့ သံရုံး ယာယီတာဝန်ခံတွေကို ရန်ကုန်မှာပဲ ဆက်လက်တွေ့ဆုံပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှု အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။

သူ့ရဲ့ လေးရက်ကြာ ခရီးစဉ်အတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့နဲ့ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး အထောက်အပံ့တွေပေးဖို့ အဓိကထားခဲ့တယ်လို့ ပရက်ဆိုခွန်းက ဆိုပါတယ်။ ၎င်းဟာ နက်ဖြန်မှာ ပုဂံကို ခရီးဆက်မှာဖြစ်ပြီး ဇူလိုင် ၄ ရက်မှာ ကျင်းပမယ့် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times