လာမယ့်နှစ်မှာ ဒုက္ခသည် တသိန်းကျော်ကို အမေရိကန်က လက်ခံသွားဖို့ သမ္မတ ဂျိုဘိုင်ဒန် လက်မှတ်ထိုး အတည်ပြု

လာမယ့်နှစ်မှာ ဒုက္ခသည် တသိန်းကျော်ကို အမေရိကန်က လက်ခံသွားဖို့ သမ္မတ ဂျိုဘိုင်ဒန် လက်မှတ်ထိုး အတည်ပြု

အမေရိကန် ပြည်ထောင်စုရဲ့ ၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်အနေနဲ့ ဒုက္ခသည်ပေါင်း ၁၂၅၀၀၀ ကို လက်ခံဖို့ သမ္မတ ဂျိုဘိုင်ဒန်က လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ အမေရိကန်က ဒုက္ခသည် ၁၂၅၀၀၀ ကို လက်ခံဖို့ သမ္မတ ဂျိုဘိုင်ဒန်က လက်မှတ်ထိုးအတည်ပြုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ထားပါတယ်။

စစ်ပွဲတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ၊ မတည်ငြိမ်မှုတွေကြောင့် ကမ္ဘာမှာ မကြုံစဖူး လူအမြောက်အများ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရတာကြောင့် ဒုက္ခသည်တွေကို ကြိုဆိုဖို့ လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတရဲ့ အတည်ပြုချက်အရ လက်တင်အမေရိကားနဲ့ ကာရေဘီယံကျွန်းနိုင်ငံက ထွက်ပြေးလာကြသူတွေ အမေရိကန်မှာ အခြေချနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို အာဖဂန်နစ္စတန်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဘာသာရေးယုံကြည်ချက်ကြောင့် ဖိနှိပ်ခံရသူတွေ၊ LGBTQI+ အသိုင်းအဝိုင်းက လူတွေကို ပိုပြီးတိုးမြှင့်လက်ခံဖို့ အမေရိကန်အစိုးရက အာရုံစိုက်လုပ်ဆောင် သွားမှာလို့ အန်တိုနီဘလင်ကန်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၁၉၈၀ ခုနှစ်ကစပြီး ဒုက္ခသည်ဆိုင်ရာ ဥပဒေ Refugee Act ကို အတည်ပြုပြီးနောက် ဒုက္ခသည်ပေါင်း ၃ သန်းကျော်ကို လက်ခံထားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၁ ဒသမ ၉ သန်းအထိ ရှိလာပြီး အဲဒီထဲက လူ ၁ ဒသမ ၆ သန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ၃၆၀၀၀ ကျော်အထိ ရှိသွားပြီလို့ ပြီးခဲ့တဲ့ စက်တင်ဘာလက FE5 Tanintharyi အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times