မြန်မာရေတပ်ကို ဆိုနာစနစ် တရားမဝင်ရောင်းချခဲ့တဲ့ ကုမ္ပဏီကို တရားရုံးက စင်ကာပူဒေါ်လာ ၁ ဒဿမ ၁ သန်းကျော်ဒဏ်ရိုက်
မြန်မာရေတပ်ကို ဆိုနာစနစ် တရားမဝင်ရောင်းချခဲ့တဲ့ ကုမ္ပဏီကို တရားရုံးက စင်ကာပူဒေါ်လာ ၁ ဒဿမ ၁ သန်းကျော်ဒဏ်ရိုက်
အကြမ်းဖက်စစ်ကောင်စီ ရေတပ်ရဲ့ စစ်တမ်းကောက်ယူရေး စင်တာတစ်ခုမှာ အသုံးပြုနေတဲ့ ဆိုနာစနစ် ကို တရားမဝင်ရောင်းချခဲ့တဲ့ စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီ Hydronav Services ကို တရားရုံးက စင်ကာပူဒေါ်လာ ၁ ဒဿမ ၁ သန်း ဒဏ်ငွေချမှတ်ခဲ့တယ်လို့ The Straits Times သတင်းဌာနကဖော်ပြထားပါတယ်။
စင်ကာပူ တရားရုံးက မြန်မာရေတပ်ကို ဆိုနာစနစ်ရောင်းချပေးတဲ့ Hydronav Services ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ဒါရိုက်တာ နဲ့ အရောင်းမြှင့်တင်ရေးဝန်ထမ်းကိုလည်း စင်ကာပူဒေါ်လာ ရှစ်သောင်း ဒဏ်ငွေချမှတ်ခဲ့တယ် ဒီကနေ့ စက်တင်ဘာလ ၁၉ ရက် အင်္ဂါနေ့ထုတ် The Straits Times သတင်းမှာဖော်ပြပါရှိပါတယ်။
သူတို့နှစ်ဦးဟာ စင်ကာပူအခြေစိုက် Hydronav Services ကုမ္ပဏီရဲ့ အသက် ၅၇ နှစ်အရွယ် အရောင်းမန်နေဂျာ Poiter Agus Kentjana နဲ့ အသက် ၇၀ အရွယ် ကုမ္ပဏီဒါရိုက်တာ Wui Ong Chuan တို့ပဲ ဖြစ်ပါတယ်။
တရားရုံးက ကုမ္ပဏီဒါရိုက်တာ Wui Ong Chuan ကို ဒဏ်ငွေ လေးသောင်းငါးထောင် ချမှတ်ခဲ့တာဖြစ်ပြီး အရောင်းမန်နေဂျာ Poiter Agus Kentjana ကိုတော့ ဒဏ်ငွေ သုံးသောင်းငါးထောင် ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။
သူတို့ နှစ်ဦးဟာ လက်နက်နဲ့ မဟာဗျူဟာမြောက် ကုန်ပစ္စည်းရောင်းချမှု ထိန်းချုပ်ရေး ဥပဒေကို ချိုးဖောက်ပြီး တရားမဝင်ရောင်းချခဲ့တာဖြစ်ကြောင်း သြဂုတ် ၂၅ ရက်နေ့က တရားရုံးမှာ ဝန်ခံခဲ့တာဖြစ်ပါတယ်။
Hydronav Services ကုမ္ပဏီကုမ္ပဏီဟာ မြန်မာကုမ္ပဏီ Light of Universe ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်း (စင်ကာပူဒေါ်လာ ၂ သန်းခန့်) နဲ့ ရောင်းချခဲ့တဲ့ အဆိုပါ ဆိုနာစနစ်မှာ ပင်လယ်ကြမ်းပြင်မြေပုံအမှတ်အသားပြုလုပ်နိုင်တဲ့ multi-beam echo sounder စနစ်ပါရှိနေပြီး လက်ရှိမှာ မြန်မာ့ရေပိုင်နက်အတွင်းမှာအသုံး ပြုနေတယ်လို့ သိရှိရပါတယ်။
အဆိုပါ စနစ်ကို အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ကြောင်း သတ်မှတ်ဖော်ပြထားပေမဲ့ စစ်ရေးအတွက်အသုံးပြုမှာ ဖြစ်ကြောင်း အထောက်အထားတစ်စုံတရာ ပြောကြားထားခဲ့တာ မတွေ့ခဲရဘဲ မြန်မာရေတပ်ကဝယ်ယူသွားတာဖြစ်ပါတယ်။
ဒါ့အပြင် သူတို့နှစ်ဦးဟာ နည်းပညာ ထုတ်လုပ်သူ နော်ဝေကုမ္ပဏီ Kongsberg Maritime ဆီက အဆိုပါစနစ်ကို ဝယ်ယူချိန်မှာ အင်ဒိုနီးရှား ကုမ္ပဏီ Bina Nusantara Perkasa အတွက် ဝယ်ယူတာဖြစ်ကြောင်း လှည့်ဖျားခဲ့တယ်လို့ သိရပါတယ်။
အရောင်းတာဝန်ခံ Poiter ဟာ နော်ဝေအာဏာပိုင်တွေဆီက လျှောက်ထားရာမှာ ဆိုနာစနစ်ကို နောက်ဆုံးအသုံးပြုမယ့်သူဟာ အင်ဒိုနီးရှားကုမ္ပဏီဖြစ်တယ်လို့ လိမ်လည်စာရင်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။
အရင်က အဆိုပါစနစ်ကို အသုံးပြုမယ့်သူနေရာမှာ “မြန်မာ့ရေတပ်” ကို စာရင်းသွင်းထားတဲ့ လျှောက်လွှာနှစ်စောင်ကို နော်ဝေအာဏာပိုင်တွေက ပယ်ချခဲ့တာကြောင့် နောက်တစ်ကြိမ်မှာ နော်ဝေအာဏာပိုင်တွေ လက်ခံဖူးတဲ့ အင်ဒိုနီးရှားလုပ်ငန်းတစ်ခုကို လိမ်ညာထည့်သွင်းခဲ့တာကို Poiter က ဆိုပါတယ်။
နောက်ဆုံးမှာ နော်ဝေကနေ စင်ကာပူကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ အဆိုပါစနစ် ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ မြန်မာကို တရားမဝင် တင်ပို့ခဲ့တာ လို့သိရပါတယ်။
အဆိုပါ တရားမဝင် တင်ပို့မှုကို စင်ကာပူ အကောက်ခွန်ရုံးက တိုင်ကြားခဲ့ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၅မှာ Hydronav Services ကုမ္ပဏီကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
The Tanintharyi Times
