စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးနေတယ်လို့ NLD ဆို

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးနေတယ်လို့ NLD ဆို

NLD

အာဏာသိမ်းစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးနေတယ်လို့ NLD ရဲ့ ဗဟိုအလုပ်ကော်မတီက မနေ့ကထုတ်ပြန်ပါတယ်။

ဇွန်လ ၂၁ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်အတွင်း စစ်ကောင်စီက ပို့ဆောင်လိုက်တာနဲ့ပက်သက်ပြီး အခုလိုထုတ်ပြန်လိုက်တာပါ။

အဲဒီလုပ်ရပ်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာရှုတ်ချကန့်ကွက်ပြီး စစ်ကောက်စီဟာ မြန်မာ့သမိုင်းမှာသာမက နိုင်ငံတကာမျက်နှာစာမှာပါ အမည်းစက်စွန်းထင်စေမယ့် ဖြစ်ရပ်တစ်ခုကို ထပ်မံကျူးလွန်လိုက်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေညာစာတမ်းအရ လူတိုင်းအသက်ရှင်ဖို့ လွတ်လပ်ခွင့်နဲ့ လုံခြုံစိတ်ချခွင့်ရှိပြီး ဘယ်သူကိုမှ ညှဉ်းပန်းနှိပ်စက်တာ၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံတာ၊ အပြစ်ဒဏ်ပေးတာမပြုရဆိုတဲ့ ပြဌာန်းချက်တွေကို စစ်ကောင်စီအနေနဲ့ ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ သောက်သုံးရေမသန့်ရှင်းတာ မှက်၊ ခြင်၊ ယင်ပေါများတာ၊ မိလ္လာကိစ္စအခက်တွေ့နိုင်တာ၊ လေကောင်းလေသန့်မရရှိတာ ၊ နေ့စဉ် ကျန်းမာရေးစောင့်ရှောက်ပေဖို့လိုအပ်တာ၊ အစားအသောက်ထားသိုဖို့မရှိတာ နဲ့ လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက် ကျွေးမွေးမှုမရရှိတာ တွေကိုခံစားရမယ့်အပြင် အရေးပေါ် ကျန်းမာရေးကိစ္စတွေပေါ်ပေါက်ရင် အချိန်မီကုသဖို့ခက်ခဲတာတို့ ရှိနိုင်တယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် အသက် ၇၇နှစ်အရွယ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ လွတ်မြောက်ဖို့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ မိတ်ဖက်သံတမန်တွေကို ကူညီဆောင်ရွက်ပေးဖို့တောင်းဆို တိုက်တွန်းထားပါတယ်။

The Tanintharyi Times