ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးချို့ယွင်းပြီး အသက်အန္တရာယ်ထိခိုက်လာရင် စစ်ကောင်စီ တာဝန်ယူရမယ်လို့ NLDထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးချို့ယွင်းပြီး အသက်အန္တရာယ်ထိခိုက်လာရင် စစ်ကောင်စီ တာဝန်ယူရမယ်လို့ NLDထုတ်ပြန်

ဓါတ်ပုံ - AP

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးချို့ယွင်းမှုသာမကဘဲ အသက်အန္တရာယ်ထိခိုက်မှုပါ ဖြစ်ပေါ်လာခဲ့ရင် ဖမ်းဆီးထားတဲ့ စစ်ကောင်စီက တာဝန်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ NLDပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ နေရာထိုင်ခင်းတွေကိုလည်း စစ်ကောင်စီက ဖန်တီးမပေးထားဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို လုပ်ဆောင်တာဟာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ထိခိုက်စေဖို့ ဖန်တီးနေတာဖြစ်လို့ အထူးစိုးရိမ်ပူပန်တယ်လို့လည်း ဆိုပါတယ်။

အသက် ၇၈နှစ်အရွယ် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကလည်း မကြာသေးခင်ကမှ ထုတ်ဖော်ပြောဆိုထားပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောင် ဝေဒနာခံစားနေရပြီး အစာမစားနိုင်သလို ခေါင်းမူးဝေ ပျို့အန်တာတွေရှိနေပြီး စစ်ကောင်စီဘက်က ကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

The Tanintharyi Times