ထားဝယ်အရှေ့တောဒေသက ကျေးရွာအများစု ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ သုံးရက်ရှိပြီ

ထားဝယ်အရှေ့တောဒေသက ကျေးရွာအများစု ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ သုံးရက်ရှိပြီ

ပုံစာ - ဝကုန်ရွာထဲလမ်းတနေရာ။

ထားဝယ်၊ အရှေ့တောဒေသက ကျေးရွာအများစုမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ သုံးရက်လောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့သုံးရက် အခုလ ၉ ရက်နေ့ ညသန်းခေါင်ကစပြီး အရှေ့တောဒေသထဲက ဝကုန်းရွာကနေ မေတ္တာမြို့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာပါ။ ဒေသခံတွေ ပြောပြချက်အရ ပြတ်တောက်နေတဲ့ ဖုန်းလိုင်းက အရှေ့တောဒေသမှာ အဓိကအသုံးပြုတဲ့ အမ်တမ်(တယ်လီနော)ဖုန်းလိုင်းတွေ ဖြစ်ပါတယ်။

အရှေ့တော သင်္ကန်းတုံးရွာမှာနေထိုင်သူတစ်ဦးက “ကျနော်တို့ရွာအထိ တယ်လီနော ဖုန်းရော၊ အင်တာနက်လိုင်းရောရတယ်။ အဲဒါလွန်ပြီးဆက်သွားရင်မရတော့တာ။ MPT တွေကတော့ ဖုန်းလိုင်းခဏခဏကျတာနဲ့ အင်တာနက်မရတာနဲ့ သုံးလို့မရဘူး” လို့ ပြောပါတယ်။

အမ်တမ်(တယ်လီနော) ဖုန်းတာဝါတိုင်တွေကတော့ မေတ္တာမြို့၊ ဘဝပင်ရွာနဲ့ ညောင်တုန်းရွာတွေမှာရှိပြီး အဲ့ဒီနေရာတွေမှာ​ဖုန်းနဲ့ အင်တာနက်တွေ အကုန်ပြတ်တောက်နေတာပဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေးလုပ်ငန်းနဲ့ နီးစပ်သူတစ်ဦးကတော့ မေတ္တာမြို့မှာရှိတဲ့ ပင်မတာဝါတိုင်ကပြတ်တောက်တာကြောင့် တာဝါတိုင်အခွဲတွေပါပြတ်တောက်သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

မေတ္တာမြို့က တယ်လီနောပင်မတာဝါတိုင်က ဘာကြောင့်ပြတ်တောက်တယ်ဆိုတာကိုတော့ သူမသိဘူးလို့ ပြောပါတယ်။

အရှေ့တောဒေသမှာ အော်ရီဒူးဖုန်းလိုင်းက ထားဝယ်မြို့ကနေ ပကာရီရွာအထိနဲ့ တောင်သုံးလုံးရွာကနေ မေတ္တာမြို့အထိ ဖုန်းနဲ့ အင်တာနက်အသုံးပြုလို့ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သုံးလုံးရွာကနေ မေတ္တာမြို့အထိ ရနေတဲ့အော်ရီဒူးဖုန်းလိုင်းတွေဟာလည်း အခုလ ၉ ရက်နေ့က တချိန်တည်းပြတ်တောက်တာမျိုး ရှိခဲ့ပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်ကပြင်ဆင်လိုက်လို့ ပြန်ရနေတယ်လို့ သိရပါတယ်။

The Tanintharyi Times