ပုလောက ပိတပ်ရွာမှာ တိုက်ပွဲဖြစ်၊ ရွာသားတစ်ဦးကို ပစ်သတ်ကာ ရွာသားတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား
ပုလောက ပိတပ်ရွာမှာ တိုက်ပွဲဖြစ်၊ ရွာသားတစ်ဦးကို ပစ်သတ်ကာ ရွာသားတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား
ပုလောမြို့နယ်၊ ပိတပ်ရွာမှာ ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပြီးနောက် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ကာ တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
တိုက်ပွဲဟာ အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းတို့ ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့မနက် ၅ နာရီခွဲဝန်းကျင်ကနေ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ပစ်ခတ်ခဲ့ကြတယ်လို့ အမှတ်(၁) တပ်ရင်းကထုတ်ပြန်ပါတယ်။
မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “ကျနော်တို့ဘက်က ရှေ့ထွက်မိုင်းကို သွားစစ်တဲ့အချိန် သူတို့ဘက်ကရောက်ပြီး ကင်းပုန်းဝပ်နေတာ။ ရဲဘော်ကိုမြင်တာနဲ့ပစ်ရော။ အဲဒါ မိုင်းခွဲပြီးပြန်ပြေးလာရာက စတာပဲ။” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးတာအပြင် ရေတပ်စစ်သင်္ဘောတွေကပါ အမြောက်ပစ်ကူပေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “ပိတပ်ဘုန်းကြီးကျောင်းနားမှာ လယ်ကဇင်းကြီး(တဘောင်)ဆိုတာရှိတယ်။ ပင်လယ်ရေဝင်မှာစိုးလို့တားထားတာ။ အဲဒီဘက်ကနေ စစ်တပ်တွေတက်လာတာ။ အိမ်တွေရဲ့ နောက်ဖေးဘက်ကနေ တပ်ဖြန့်ပြီး တခါတည်းထွက်လာကြတာ။ ပျူတွေလည်းပါတယ်။” လို့ ပြောပြပါတယ်။
အဆိုပါ တိုက်ပွဲကနေ နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ပြန်ဆုတ်သွားချိန် ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပိတပ်ရွာက အသက် ၂၀ ဝန်းကျင်အရွယ် ကိုရုပ်ဆိုးဆိုတဲ့အရပ်သားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး သူ့အိမ်က လက်ဝတ်ရတနာတွေကိုလည်း ယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီတပ်ဟာ ပိတပ်ရွာက မထွက်ခွါမီအရပ်သားနေအိမ်တွေကို ရိုက်ဖြိုဖျက်ဆီးတာ၊ ဝင်ရောက်မွှေနှောက်တာတွေ လုပ်ဆောင်ခဲ့ပြီး အသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အထည်၊ အစားအသောက်တွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိ ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ PDF တပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ အမှတ် (၁) တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုလောမြို့နယ်ထဲက ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုထဲက ရွာတွေနဲ့ ပလမြို့၊ ပိတပ်၊ မြဒေါင်၊ ကျောက္ကား စတဲ့ ပင်လယ်နဲ့နီးတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ပြီးခဲ့တဲ့ လေးရက်လောက်ကတည်းက နေ့စဥ်ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။
ဒါကြောင့်ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ အရေးကြီးစာရွက်စာတမ်းတွေ တန်ဖိုးရှိပစ္စည်းတွေကို သေချာထုပ်ပိုးထားဖို့နဲ့ စစ်ရေးသတိအမြဲရှိဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကထုတ်ပြန်တဲ့ ကြေညာချက်တွေကို လေးစားလိုက်နာပေးကြဖို့ အသိပေး မေတ္တာရပ်ခံထားပါတယ်။
The Tanintharyi Times
