အိန္ဒိယနိုင်ငံရဲ့ မဏိပူရပြည်နယ်မှာဘာတွေဖြစ်နေလဲ
အိန္ဒိယနိုင်ငံရဲ့ မဏိပူရပြည်နယ်မှာဘာတွေဖြစ်နေလဲ
စက်တင်ဘာ ၄ရက်နေ့၊ ၂၀၂၃ က ကုလသမဂ္ဂကျွမ်းကျင်သူပညာရှင်တွေက အိန္ဒိယနိုင်ငံအရှေ့မြောက်က မဏိပူရနဲ့ပက်သက်ပြီးစိုးရိမ်ပူပန်တဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
သူတို့ညွှန်ပြတာကတော့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ တရားမဝင်သတ်ဖြတ်မှုတွေ၊ နေအိမ်တွေကိုဖျက်ဆီးမှုတွေ၊ လူတွေကိုနေရပ်ကမောင်းထုတ်မှုတွေနဲ့ နှိပ်စက်ညှင်းပန်းမှုတွေ မဏိပူရမှာ ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို စိုးရိမ်ပူပန်ကြောင်းဖြစ်ပါတယ်။
ဒီရာဇဝတ်မှုတွေဟာ အသစ်တော့မဟုတ်ပါဘူး၊ ၂၀၂၃ မေလအတွင်းမှာ လူများစုဖြစ်တဲ့ဟိန္ဒူမေတိုင်းတွေနဲ့ ခရစ်ယာန် ကူကီးမျိုးနွယ်စုတွေကြားမှာ ဒေသတွင်းပဋိပက္ခဖြစ်ရာက စလာခဲ့ကြတာပါ လို့ကုလသမဂ္ဂက ကျွမ်းကျင်သူတွေကဆိုပါတယ်။
သူတိုပြောတာကတော့ ‘၂၀၂၃ဩဂုတ်လအထိလူ ၁၆၀ လောက်အသတ်ခံခဲ့ကြရပြီး အများစုကကူကီးတွေဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကတော့၃၀၀ကျော်ရှိတယ်လို့ဆိုပါတယ်။ ဒီပဋိပက္ခရဲ့နောက်ဆက်တွဲအဖြစ်လူသောင်းနဲ့ချီပြီးနေရပ်တွေကနေရွှေ့ပြောင်းခဲ့ကြရပြီး ထောင်နဲ့ချီတဲ့အိမ်တွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ကြရပါတယ်။ ယာခင်းတွေ၊သီးနှံတွေနဲ့အသက်မွေးဝမ်းကျောင်းလည်းဆုံးရှုံးခဲ့ရပါတယ်’။
အခြားကျူးလွန်မှုတွေအပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ ဓါတ်ပုံတွေလည်းရရှိထားတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ရာနဲ့ချီတဲ့ အသက်အရွယ်မျိုးစုံ အမျိုးသမီးတွေကို ပစ်မှတ်ထားခဲ့ကြပြီး အများစုက ကူကီးတွေကိုဖြစ်ပါတယ်တဲ့။
စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတွေမှာ အဖွဲ့လိုက်အဓမ္မပြုကျင့်မှုတွေ၊ လမ်းတွေပေါ်မှာအမျိုးသမီးတွေကို ဝတ်လစ်စလစ်နဲ့လျှောက်ခိုင်းတာတွေ၊ သေတဲ့အထိရိုက်သတ်တာတွေ၊ အရှင်လတ်လတ်မီးရှို့တာတွေပါ ပါဝင်နေပါတယ်။
နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့ကလည်း သူတို့ရဲ့စိုးရိမ်ပူပန်မှုကိုမကြာခင်ကထုတ်ပြန်ခဲ့ကြပါတယ်။ ဒီအဖွဲ့ကပြောတာကတော့ ‘အိန္ဒိယနိုင်ငံ၊မဏိပူရမှာ အမျိုးသမီးနှစ်ဦးကို တိုက်ခိုက်ခဲ့ကြတာကို ဗီဒီယိုရိုက်ကူးထားပြီး အွန်လိုင်းမှာဖြန့်ခဲ့ကြပါတယ်။ ဒါဟာဒေသအတွင်းက လူမျိုးစုပဋိပက္ခတွေမှာ အမျိုးသမီးတွေကိုပစ်မှတ်ထားတာကိုမီးမောင်းထိုးပြတာပါပဲ။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအတွင်းနဲ့နိုင်ငံတကာက အာဏာပိုင်တွေကို အရေးယူဆောင်ရွက်ကြဖို့နှိုးဆော်လိုက်တာပါပဲ’ လို့ဆိုပါတယ်။
နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့က နယူးဂျာဆီပြည်နယ်၊ လူမှုလုပ်ငန်းဆိုင်ရာ ရုဂျာကျောင်းက တွဲဖက်ပါမောက္ခလည်းဖြစ်ပြီး နိုင်ငံတကာလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို လေ့လာတဲ့ပညာရှင်ရူပခီတာပါကိုလည်း ကိုးကားထားပါတယ်။
သူမကပြောတာကတော့ ‘အိန္ဒိယမှာ ပြည်နယ်တစ်ခုနဲ့တစ်ခုဖြစ်ဖြစ်၊ တခြားနိုင်ငံရေးနဲ့ဒါမှမဟုတ် စီးပွားရေးကိုအခြေခံတဲ့ပဋိပက္ခတွေမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေကို အကြမ်းဖက်တာကိုလက်နက်တစ်ခု အနေနဲ့ အရှက်ရအောင်၊ ထိန်းချုပ်နိုင်အောင် နဲ့တစ်ဖက်လူ့အဖွဲ့အစည်းကိုချေမှုန်းနိုင်ဖို့အတွက် လုပ်ကြပါတယ်’ လို့မှတ်ချက်ပြုပါတယ်။
မဏိပူရမှာအကြမ်းဖက်မှုတွေမဖြစ်ခင်မှာ အမုန်းစကားတွေဟာ အွန်လိုင်းပေါ်မှာရောအပြင်မှာပါ ပြန့်နှံ့နေခဲ့ပါတယ်။ အဲဒီအမုန်းစကားတွေဟာအဓိကအားဖြင့်တော့ လူနည်းစုကူကီးတွေကို (အထူးသဖြင့်အမျိုးသမီးတွေကို) သူတို့ရဲ့မျိုးနွယ်စုနဲ့ကိုးကွယ်ရာယုံကြည်မှုကို အခြေခံပြီး တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆင်ခြေပေးထားတာတွေဖြစ်ပါတယ်။
ကုလသမဂ္ဂကပညာရှင်တွေတွေ့ရှိတာကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာတွေမှာ လူနည်းစုတွေ၊ဘာသာမတူသူတွေအပေါ် အကြမ်းဖက်မှုတွေ၊ဖိနှိပ်မှုတွေကို ဉပဒေအရအဆင်ပြေအောင် ပြုလုပ်ထားကြပါတယ်တဲ့။ အခုလို လူမျိုးရေး၊ ဘာသာရေးဆိုင်ရာပစ်မှတ်ထားမှုဟာ ဥပေက္ခာပြုထားဖို့ မဖြစ်နိုင်တော့ပါဘူး။
တချို့သတင်းအချက်အလက်တွေကိုကြားသိကြရပေမယ့် ပြီးခဲ့တဲ့သီတင်းပါတ်တွေအတွင်းမှာ အဖြစ်မှန်ကိုထုတ်ပြောတဲ့သူတွေ၊ ဒေသတွေကိုပစ်မှတ်ထားလာတာကိုတွေ့ရပါတယ်။
စက်တင်ဘာ ၂၊ ၂၀၂၃ ကတော့ အိန္ဒိယအယ်ဒီတာများအစည်းအရုံးက မဏိပူရကပြဿနာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
‘မဏိပူရပြည်နယ်က လူမျိုးရေးအကြမ်းဖက်မှုဆိုင်ရာ မီဒီယာများရဲ့ သတင်းထုတ်ပြန်မှုကို လေ့လာခြင်း’ အစီရင်ခံစာမှာ ‘အကြမ်းဖက်မှုကာလအတွင်းမှာ မဏိပူရက ဂျာနယ်လစ်တွေဟာ တစ်ဖက်သတ် ဘက်လိုက်ဖေါ်ပြတဲ့ သတင်းတွေကိုရေးသားခဲ့ပြီး၊ အင်တာနက် ကိုဖြတ်တောက်ခဲ့တာကလည်းအခြေအနေတွေကိုပိုဆိုးစေခဲ့ပါတယ်။
အစိုးရက ဆက်သွယ်ရေး လမ်းကြောင်းတွေကိုဖြတ်တောက်ခဲ့တာဟာ သတင်းစာပညာမှာဂျာနယ်လစ်တွေက သူတို့ရဲ့သတင်းရင်းမြစ်တွေနဲ့ အယ်ဒီတာတွေကိုဆက်သွယ်ဖို့အတွက် အခြေအနေတွေကို ဟန့်တားခဲ့တယ်’လို့ ဆိုပါတယ်။
အခုလိုအင်တာနက်ဖြတ်တောက်မှုမျိုးဟာ သတင်းအချက်အလက်စီးဆင်းမှုကို ဟန့်တားရုံတင်မကဘဲ ရက်စက်တဲ့အကြမ်းဖက်မှုတွေအကြောင်းကိုလူတွေကိုအသိပေးပြီး၊ အသက်ရှင်ကျန်ရစ်သူတွေကို ဘေးလွတ်ရာကို လမ်းပြဖို့အခွင်းအရေးကိုပါ ဆုံးရှုံးစေခဲ့ပါတယ်။
(အယ်ဒီတာတွေရဲ့) အစီရင်ခံစာထွက်ပြီး ရက်အနည်းငယ်အကြာမှာပဲ အယ်လ်ဂျဇီးယားသတင်းဌာနက သတင်းပို့ခဲ့ပါတယ်။ မဏိပူရရဲတပ်ဖွဲ့က အယ်ဒီတာအဖွဲ့ကိုတရားစွဲဆိုပါတယ်။ “အရှေ့မြောက်ဒေသမှာ မငြိမ်မသက်ဖြစ်အောင်ပြုလုပ်မှု”လို့ဆိုပါတယ်။
ကုလသမဂ္ဂကျွမ်းကျင်သူတွေကတော့ ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရကို ထိရောက်ပြီးအချိန်မှီတဲ့ စုံစမ်းစစ်ဆေးမှုနဲ့အရေးယူမှု တွေပြုလုပ်ဖို့ ဆော်ဩထားပါတယ်။
‘လူမျိုးရေးဘာသာရေးဆိုင်ရာအမုန်းပွားမှုမှာ အားပေးကူညီတဲ့ အစိုးရဝန်ထမ်းတွေကို’လည်း အရေးယူပေးဖို့ပါဝင်ပါတယ်။
သူတို့ထပ်မံတောင်းဆိုတာကတော့ ထိခိုက်ခံရသူတွေကိုအရေးပေါ်ကူညီဖို့ပါပဲ။ ဒါပေမယ့် အခုထက်ထိတော့ လုံလောက်တဲ့အရေးယူမှုကိုမတွေ့ရပါဘူး။ အိန္ဒိယအစိုးရကြည့်ရတာ ဒီလိုတောင်းဆိုမှုတွေကိုနားထောင်မယ့်ပုံစံမတွေ့ရပါဘူး။
(Forbes Magazineမှာ ဖော်ပြထားတဲ့ Dr Ewenlina U. Ochab ရဲ့ What Is Happening In India’s State Of Manipur? ကို ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်)
The Tanintharyi Times
