မြန်မာစစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူမှု ယနေ့စတင် အသက်ဝင်

မြန်မာစစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူမှု ယနေ့စတင် အသက်ဝင်

Ref: U.S State Department, Aladolu Agency

မြန်မာစစ်အုပ်စု က စိတ်ကြိုက်ခြယ်လှယ်ထိန်းချုပ်ထားတဲ့ နိုင်ငံတော် ဘဏ္ဍာရေး အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဘဏ် (MICB) တို့ကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့တာ ဟာ ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့ မှာ စတင်အသက်ဝင်ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ကြေညာလိုက်ပါတယ်။

စစ်ကောင်စီီထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဘဏ် (MICB) တို့ကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့ကြောင်း အမေရိကန် အစိုးရက ဇွန်လ ၂၁ ရက်နေ့က တရားဝင် ကြေညာထားတာ ဖြစ်ပါတယ်။

ဇွန်လက အမည်ပျက် ကြေညာခဲ့ပေမဲ့ ဒီလုပ်ငန်းတွေနဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကြားမှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိနေနိုင်တာကြောင့် လိုင်စင်သက်တမ်း ယာယီတိုးပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒီနေ့ ဩဂုတ်လ ၅ ရက်နေ့ မှာတော့ မြန်မာစစ်ကောင်စီထိန်းချုပ် ဘဏ်တွေနဲ့ ပတ်သက်ပြီး စတင်အရေးယူတော့မှာ ဖြစ်တာကြောင့် သူတို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအနေနဲ့ ငွေကြေးလွဲပြောင်းမှုဆိုင်ရာ ကိစ္စရပ်တွေကို အမြန်ဆုံးလက်စသတ်ထားကြဖို့ သတိ‌ပေးလိုက်တာပဲ ဖြစ်ပါတယ်။

နောက်ရက်တွေမှာ အမေရိကန်လုပ်ငန်းတွေအနေနဲ့ အဆိုပါဘဏ်တွေနဲ့ ပတ်သက်မှု ရှိ၊မရှိ ဂရုတစိုက်စောင့်ကြည့် စစ်ဆေးသွားမှာဖြစ်ပြီး တွေ့ရှိပါက အမေရိကန်ဥပေဒေကို ဆန့်ကျင်တဲ့ လုပ်ရပ်အတွက် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က သတိပေးပါတယ်။

အထူးသဖြင့် ဒီလုပ်ငန်းတွေဟာ မြန်မာစစ်အာဏာရှင်တွေ နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်နိုင်ရေး နိုင်ငံခြားဘဏ်အကောင့်မျိုးစုံ အသုံးပြုကာ စစ်အုပ်စု ဝင်ငွေရလမ်းအတွက် ကူညီပေးနေတဲ့အပြင် မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်ပစ္စည်းနဲ့ လေယာဥ်ဆီတွေ အလွယ်တကူဝယ်ယူနိုင်ဖို့ နိုင်ငံခြားငွေကြေးတွေ ကူညီပံ့ပိုးပေးနေတဲ့ ပင်မဒေါက်တိုင်ကြီးတွေ ဖြစ်နေပါတယ်။

ထုတ်ပြန်ချက်ထဲမှာ တော့ Matthew Miller က အဆိုပါ ဘဏ်တွေဟာ မြန်မာ စစ်အာဏာရှင်တွေအတွက် မြန်မာ့ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်ရတနာတွေနဲ့ အခြားသော သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေကနေ ဝင်ငွေအများအပြား ကူညီရှာဖွေပေးနေတယ်လို့ ရေးသားထားပါတယ်။

“ငြိမ်းချမ်းရေး ၊တရားမျှတမှု၊ အားလုံးအတူတကွ တန်းတူညီမျှပါဝင်နိုင်တဲ့ ဒီမိုကရေစီ အနာဂတ်နိုင်ငံကို မျှော်ရည်ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက အမြဲအားပေးထောက်ခံသွားမှာပါ။

နောက်ထပ်လည်း နိုင်ငံတကာအသိုက်အဝန်းက မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းကာ နိုင်ငံတကာဘဏ္ဍာရေးစနစ်မှာ ဝင်ရောက် အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာစစ်အုပ်စုကို တားမြစ်သွားပါမယ်” လို့ သူက ပြောပါတယ်။

The Tanintharyi Times