အင်္ဂလန်က နာမည်ကြီးကုန်တိုက် မြန်မာ့ကျောက်မျက်ရတနာရောင်းချမှုကို ရပ်ဆိုင်း
အင်္ဂလန်က နာမည်ကြီးကုန်တိုက် မြန်မာ့ကျောက်မျက်ရတနာရောင်းချမှုကို ရပ်ဆိုင်း
အင်္ဂလန်နိုင်ငံက နာမည်ကြီးကုန်တိုက်တခုဖြစ်တဲ့ John Lewis Partnership ကုန်တိုက်မှာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းချနေမှုတို့ကို ရပ်ဆိုင်းတော့မယ်လို့ Burma Campaign UK က ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
John Lewis Partnership ကုန်တိုက်မှ ကျောက်မျက်ရောင်းချမှုရပ်ဆိုင်းတော့မယ့်အကြောင်း အီးမေးတစောင်ကို ဇူလိုင် ၂၅ ရက်နေ့တွင် Burma Campaign UK ဆီ ပေးပို့ခဲ့ပါတယ်။
မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး သူတို့ အလွန်စိုးရိမ်ကြောင်းနဲ့ သူတို့ကုန်တိုက်အနေနဲ့ မြန်မာပြည်ကျောက်မျက်ပမာဏအနည်းငယ်ကိုသာ ဝယ်ယူခဲ့ပေမယ့် စစ်တပ်ကို ထောက်ပံ့တဲ့ အရင်းအမြစ်ဖြစ်နေဆဲလို့ အကြောင်းကြားစာမှာ ရေးသားထားကြောင်း Burma Campaign UK က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့လမှာ Burma Campaign UK က အာဏာသိမ်းစစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်တွေ ဖြစ်တဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ်နိုင်ဖို့ ဗြိတိန်မှာရှိတဲ့ ကျောက်မြတ်ရတနာ ရောင်းချနေတဲ့ ကုမ္ပဏီ ၄၀ ကို စည်းရုံးမှုလုပ်ဆောင်ခဲ့ပါတယ်။
John Lewis ကုန်တိုက်ရဲ့ မြန်မာ့ကျောက်မျက်တွေရောင်းချတာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့အရာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။
မြန်မာ့ကျောက်မျက်လုပ်ငန်းဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ဝင်ငွေ ရရှိနေတယ်လို့ နိုင်ငံတကာလေ့လာ စောင့်ကြည့်ရေးအဖွဲ့ Global Witness က ခန့်မှန်းထားပါတယ်။
The Tanintharyi Times
