စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်မယ်

စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်မယ်

ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေကို အခုလ ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ပါ ငွေစက္ကူပုံစံမှာ အစိမ်းရောင်ဖြစ်ပြီး ဆင်ဖြူပုံနဲ့ တံတားပုံ တစ်ဖက်ဆီမှာ ပါရှိပါတယ်။

ငွေစက္ကူအရေအတွက်ကို အကန့်အသတ်နဲ့ ထုတ်ဝေသွားမှာဖြစ်ပြီး သုံးစွဲနေတဲ့ငွေစက္ကူထဲက ဟောင်းနွမ်းပြီး သုံးဖို့မသင့်တော့တဲ့ ငွေအမျိုးအစားနဲ့ တန်ဖိုးတူ လဲလှယ်ပေးတဲ့နည်းနဲ့ ဖြန့်ဝေသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်ရဲ့ နေပြည်တော်ဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲတွေမှာ ငွေစက္ကူအဟောင်းတွေနဲ့ လဲလှယ်ပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေအားလုံးကိုတော့ တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ဆိုပါတယ်။

နှစ်သောင်းကျပ်တန် ငွေစက္ကူ ထုတ်ဝေရတဲ့အကြောင်းအရင်းက အာဏာသိမ်းစစ်ခေါင်းဆောင် တည်ထားတဲ့ နေပြည်တော်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးခြင်းနဲ့ ဆင်ဖြူတော် တနှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ကြောင့်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

The Tanintharyi Times