KNU အုပ်ချုပ်နယ်မြေအတွင်းက စစ်ဘေးရှောင် ၆ သိန်းနီးပါး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေ
KNU အုပ်ချုပ်နယ်မြေအတွင်းက စစ်ဘေးရှောင် ၆ သိန်းနီးပါး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ဘေးရှောင်အရေအတွက်ကတော့ လက်ရှိမှာ ၆ သိန်းနီးပါးအထိရှိလာပြီလို့သိရပါတယ်။
တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွားနေတာနဲ့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်တာ၊ လူ့အခွင့်ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကို ကျုးလွန်နေသောကြောင့် အခုလိုစစ်ဘေးရှောင်တွေများပြားလာတာဖြစ်ပြီး အရေအတွက်အားဖြင့် ၅၉၉၄၀၀ ဦးအထိရှိလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုလက်ရှိ မိုးရာသီကာလမှာတော့ စစ်ဘေးရှောင်ပြည်သူလူထုရဲ့ နေရာထိုင်ခင်းအတွက် အမိုးအကာနဲ့ စားနက်ရိက္ခာ မလုံလောက်မှု အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ သိရတယ်။
KNU ဘက်ကတော့ ပြီးခဲ့တဲ့နှစ် ဇူလှိုင်လကနေ အခုနှစ် ဇွန်လအထိ စစ်ဘေးရှောင်အိမ်ထောင်စု ၅ သောင်း ၄ ထောင်ကျော်မှာရှိတဲ့ လူဦးရေ ၂သိန်း ၆သောင်းကျော် အတွက် လိုအပ်တာတွေကို ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာတော့ အခုနှစ်စကနေ ပြီးခဲ့တဲ့ဇွန်လကုန်အထိ ၆ လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ အပြင်သူတို့ရဲ့ စစ်ရေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၂၄၉၅ ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး၊ ဗိုလ် ၄ ဦး၊ အရာခံဗိုလ် ၅ ဦး အပါအဝင် စုစုပေါင်း ၂၆၃၂ ဦးသေဆုံးပြီး ဒုရင်းမှူးတစ်ဦး အပါအဝင် စုစုပေါင်း ၁၆၈၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
KNLA၊ KNDO နဲ့ သူတို့ရဲ့ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ဦး ကျဆုံးခဲ့ရပြီး ၂၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြချက်မှာဖော်ပြထားပါတယ်။
The Tanintharyi Times