အိန္ဒိယက မြန်မာပြည်ကို စစ်လက်နက်ရောင်းချမှု ရပ်တန့်ဖို့ တောင်းဆိုမယ့် ကမ်ပိန်း ပြုလုပ်
အိန္ဒိယက မြန်မာပြည်ကို စစ်လက်နက်ရောင်းချမှု ရပ်တန့်ဖို့ တောင်းဆိုမယ့် ကမ်ပိန်း ပြုလုပ်
အိန္ဒိယက မြန်မာပြည်ကို စစ်လက်နက်ရောင်းချနေမှု ချက်ချင်းရပ်တန့်ဖို့အတွက် မြန်မာပြည်သူတွေအနေနဲ့ ကာတွန်း၊ ပိုစတာ၊ Memes တွေ ပြုလုပ်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ ပေးပို့မယ့် တိုက်တွန်းတောင်းဆိုချက်တရပ်ကို ပြုလုပ်ကြဖို့ သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်ပါတယ်။
အိန္ဒိယဟာ မြန်မာစစ်တပ်ကိုလက်နက်တွေ ထောက်ပံ့ပေးနေပြီး စစ်အာဏာရှင်တွေကို တရားဝင်ဖြစ်အောင် ကူညီနေပြီး ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံအတွင်းက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးအားမြှောက်ပြုရာ ရောက်ပါတယ်လို့ Justic for Myanmar အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
“ အိန္ဒိယက လက်နက်နဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ တင်ပို့နေတာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေနိုင်စေတယ်” လို့ Justice for Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က VoA သတင်းဌာနကို ကို ပြောဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်ကို လက်နက်နဲ့ဆက်စပ်ပစ္စည်း အမေရိကန်ဒေါ်လာ ၅ သန်းကျော်တင်ပို့ရောင်းချခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို လက်နက်ရောင်းချမှုရပ်တန့်ဖို့ ပိုစတာ၊ ကာတွန်း၊ Memes တွေ ဖန်တီးပြီး ပေးဖို့တောင်းဆိုကြပါစို့ ဆိုတဲ့ တိုက်တွန်းချက်ကို Blood Money – သွေးစွန်းငွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ရပါတယ်။
ပိုစတာ၊ ကာတွန်း၊ Memes တွေမှာ #ModiStopSellingWeaponstoMyanmarDictators၊ #StopLegitimizingMyanmarMurderers စတဲ့ hashtag တွေကို အသုံးပြုဖို့ ဖော်ပြထားပါတယ်။
“ကမ်ပိန်းကို Justice for Myanmar နဲ့ Igor တို့လိုမျိုး မြန်မာ့အရေးအလုပ်လုပ်သူတွေက ဦးဆောင်တာပါ၊ BMC (သွေးစွန်းငွေကမ်ပိန်း) က ဝိုင်းဝန်းပါဝင်တာပါ၊ အဓိကကတော့ အိန္ဒိယက အကြမ်းဖက်စစ်အုပ်စုကို လက်နက်တွေ ရောင်းပေးနေတာနဲ့ပတ်သက်ပြီး ပြည်သူတွေသိရှိပြီး ဝိုင်းဝန်းဟန့်တားကြဖို့ ဖြစ်ပါတယ်၊ ကျွန်တော်တော်တို့လည်း တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်” လို့ Blood Money – သွေးစွန်းငွေ အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အိန္ဒိယက မြန်မာအကြမ်းဖက်စစ်တပ်ကို ထောက်ပံ့နေတာ ရပ်တန့်ဖို့ အိန္ဒိယရဲ့ မဟာမိတ်တွေအနေနဲ့လည်း တိုက်တွန်းတောင်းဆိုပေးဖို့ အဆိုပါကမ်ပိန်းမှာ ရေးသားထားပါတယ်။
၂၀၂၂ နိုဝင်ဘာလမှ ၂၀၂၃ ဧပြီလအထိ ၆ လအတွင်း အိန္ဒိယအစိုးရပိုင် လက်နက်ကုမ္ပဏီကနေ အာဏာသိမ်းစစ်တပ်ဆီ စစ်လက်နက်ပစ္စည်း တင်ပို့ခဲ့တဲ့ တန်ဖိုးပမာဏဟာ အမေရိကန်ဒေါ်လာ ၅ သန်းကျော် ရှိတယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။
အိန္ဒိယပြည်ပတင်ပို့မှုမှတ်တမ်းအရ စစ်ကောင်စီရဲ့ လက်နက်ပွဲစားတွေကတဆင့် Bharat Electronics Limited (BEL) ကနေ တင်သွင်းခဲ့တာလို့ ဆိုပါတယ်။
တင်ပို့လာတဲ့ စစ်ဘက်သုံး ပစ္စည်းတွေက ဖရီးဂိတ်သင်္ဘောတွေ၊ အခြားစစ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေမှာ အသုံးပြုမယ့် အသံလှိုင်းသတ္တုအကာတွေ၊ ဂက်စကပ်တွေ၊ လမ်းညွှန်ဂီယာစနစ်တွေ၊ ရေဒီယိုထုတ်လွှင့်တာနဲ့ ရေဒါတွေမှာ သုံးတဲ့ ပစ္စည်းတွေနဲ့ စစ်မြေပြင်ဆက်သွယ်ရေးအတွက် ကျောပိုးအိတ်ရေဒီယိုတွေလည်း ထုတ်ပိုးပါဝင်တယ်လို့ အဆိုပါ ထုတ်ပြန်မှာ ပါရှိပါတယ်။
အိန္ဒိယအစိုးရရဲ့ ပိုင်ဆိုင်မှု ၅၁.၁၄ ရာခိုင်နှုန်း ပါဝင်နေတဲ့ BEL ကုမ္ပဏီဟာ အခုအချိန်အထိ မြန်မာပြည်မှာ ရုံးခွဲဖွင့်လှစ်ထားဆဲ ဖြစ်တယ်လို့ JFM က ထောက်ပြထားပါတယ်။
စစ်လက်နက်တွေ တင်ပို့နေတဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ စစ်ကောင်စီကို အဆင့်တစ် ထောက်ခံသူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာဆီရယ်က သုံးသပ်ထားဖူးပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ပြည်သူပေါင်း ၃၇၃၅ ဦး သေဆုံးခဲ့ရသလို အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ပြည်သူပေါင်း ၁၉၂၉၅ ဦး ရှိနေပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
စစ်ပွဲပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ လူဦးရေဟာ ၁.၈ သန်းကျော်ရှိပြီးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဧပြီလ ၂၄ ရက်က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
The Tanintharyi Times
