ပုလောမှာ စစ်ကောင်စီဒရုန်းဗုံးသီးချတိုက်ခိုက်၊ အရပ်သား အမျိုးသမီးတစ်ဦးဒဏ်ရာရ

ပုလောမှာ စစ်ကောင်စီဒရုန်းဗုံးသီးချတိုက်ခိုက်၊ အရပ်သား အမျိုးသမီးတစ်ဦးဒဏ်ရာရ

ပုံစာ - ကျောင်းနိမ့်ရွာထဲကျရောက်ခဲ့တဲ့ဗုံးသီးအခွံတွေ။

ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အခုမနက် ၇ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ကျောင်းနိမ့်ရွာထဲကို စုစုပေါင်း ဗုံးသီး ၆ လုံးလာချခဲ့တာဖြစ်ပါတယ်။

ဗုံးသီးကျရောက်ပေါက်ကွဲချိန် ကျောင်းနိမ့်ရွာခံ အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး ဦးခေါင်းမှာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

“ဗုံးသီးကအတွဲလိုက် လာချတာဆိုတော့ တပြိုင်တည်းအောက်တာပါ။ အဲဒီအမျိုးသမီးက လမ်းမှာစျေးထွက်ဝယ်နေတဲ့အချိန်ထိတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးစထိမှန်ခဲ့တဲ့အမျိုးသမီးကတော့ လက်ရှိမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

ဒါ့အပြင်အခုမနက်ပိုင်းမှာပဲ ကျောင်းနိမ့်ရွာထဲကို စစ်ကောင်စီတပ် ခလရ (၂၈၅)ကနေ လက်နက်ကြီး ၄ ချက်ခန့်ပစ်ခတ်ခဲ့သေးတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့မေလ လကုန်ပိုင်းကလည်းကျောင်းနိမ်ရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။

ပုလောမြို့နယ်အတွင်းကကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။

The Tanintharyi Times