ပုလောမှာ ဖမ်းဆီးခံထားရသူတွေထဲက ၅ဦးကို ခလရ (၂၈၅) တပ်ထဲ ဖမ်းခေါ်သွား
ပုလောမှာ ဖမ်းဆီးခံထားရသူတွေထဲက ၅ဦးကို ခလရ (၂၈၅) တပ်ထဲ ဖမ်းခေါ်သွား

ပုလောမြို့နယ်မှာ အရပ်သား ၇ ဦးဖမ်းဆီးခံထားရပြီး တချို့ကို စစ်ကောင်စီတပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက်ပိုင်းမှာ ပုလောမြို့နယ်ထဲရှိ ပလရဲစခန်းက စစ်ကောင်စီတပ်သားတွေဟာ အင်အား အများအပြားနဲ့ ဇရပ်ဆိပ်ရွာထဲကိုရောက်လာခဲ့ပြီး ရွာသား ၇ ဦးကို ရွာဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားခဲ့ပါတယ်။
အဲဒီ ၇ ဦးက ဇရပ်ဆိပ်ရွာသား ၆ ဦးနဲ့ စစ်ကောင်စီတပ်သားတွေ လာရာလမ်းတလျှောက်ဖမ်းဆီးခဲ့တဲ့ အရပ်သားတစ်ဦးတို့ ဖြစ်ပါတယ်။
ဖမ်းထားသူတွေထဲက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးကို လက်နောက်ပြန်ကြိုးတုပ်ကာ ဇရပ်ဆိပ်ရွာကနေ ပုလောမြို့ဘက်ကို လှေနဲ့ ဒီကနေမနက်က ဖမ်းခေါ်သွားခဲ့ပြီး လှေဆိပ်ကနေတဆင့် ပုလောရဲစခန်းကို လမ်းလျှောက်ခိုင်းကာ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
အဆိုပါ ရဲစခန်းကတဆင့် ခလရ (၂၈၅) တပ်ရင်းကို ကားနဲ့ ထပ်မံဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” မိန်းမတစ်ယောက်ရဲ့ လည်ပင်းမှာ စာပြားဆွဲထားတယ်။ဘာရေးထားမှန်းတော့ မသိဘူး။ လမ်းလျှောက်ပြီးခေါ်သွားတာဆိုတော့ လူထုကို အကြောက်တရားသွင်းချင်တဲ့ ရည်ရွယ်ချက်နဲ့ လမ်းလျှောက်ခိုင်းတာလားပဲ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေက ပြောပြချက်အရ အခုဖမ်းဆီးမှုဟာ ဒေသတွင်း တခြားစစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီတပ်က စာရင်းအတိအကျနဲ့ ရွာထဲလာပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါရွာသားတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကတော့ အခုရက်ပိုင်းအတွင်းမှာကာကွယ်ရေးတပ်ဖွဲ့ဝင်ပုံစံဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးက ပလတခွင်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာရှိနေတဲ့အတွက် စကစဘက်က လိုက်ဖမ်းနေတာလို့ ထင်မြင်ကြောင်း ပြောပါတယ်။
အခုလ နောက်ဆုံးအပတ်အတွင်း မင်းပြင်ရွာ၊ တပိုရွာ၊ ဇရပ်ဆိပ်ရွာ၊ စက်တော်ရာရွာ၊ မိန်းမမြို့ စသဖြင့် နေရာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ပုံစံနဲ့ လူတစ်ဦးစစ်ဆေးနေတာရှိနေပါတယ်။
အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်ဆိုသူနဲ့ပတ်သက်ပြီး ပုလော(ပကဖ) တာဝန်ခံကတော့ ” ကျနော်တို့အဖွဲ့ဝင်မဟုတ်ပါဘူး။ သူ့နာမည်နဲ့ စာရင်းထဲမှာလည်း မရှိပါဘူး။” လို့ ပြောပါတယ်။
ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက ရထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းထဲက ပုလောမြို့နယ်ဟာ တိုက်ပွဲအဖြစ်များဆုံးနဲ့အရပ်သား ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပါတယ်။

The Tanintharyi Times