တနင်္သာရီမှာ မိုင်းဆွဲခံရတဲ့ အမြောက်တပ်က ခြေလျင်စစ်ကြောင်း ၁၀ ဦးထက်မနည်း ထိခိုက်၊ သေဆုံး

တနင်္သာရီမှာ မိုင်းဆွဲခံရတဲ့ အမြောက်တပ်က ခြေလျင်စစ်ကြောင်း ၁၀ ဦးထက်မနည်း ထိခိုက်၊ သေဆုံး

ဓာတ်ပုံ - တနင်္သာရီမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ။ (ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့)

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းရွာနဲ့ ဘန်းလမွတ်ရွာကြားမှာ မနေ့ မနက်ပိုင်းက စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ ၁၀ ဦးထက်မနည်းထိခိုက်၊ သေဆုံးခဲ့တယ်လို့‌ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်‌ကြောင်းဟာ မော်တုံးအခြေစိုက် အမတ (၃၀၆) တပ်ရင်းကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ ခြေလျင်စစ်ကြောင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုအတွင်း ၅ ဦးသေဆုံးခဲ့ကာ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ” တခြားစစ်ရေးခြေနေတွေတော့ မရှိဘူး။ ဘန်းလမွတ်ဘက်မှာ ကာကွယ်ရေးတပ်တွေ ရှိနေတယ်ဆိုတာကို သတင်းပေးတွေက တဆင့်သိသွားပြီး ကင်းပုန်ဝပ်ဖို့ သက်သက်ထွက်လာတာ။ ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သား ၁၀၀ ခန့်ဟာ တစုတဝေးတည်းမသွားဘဲ ၁၂ ယောက်ပါ တပ်စုတစ်စုအနေနဲ့ ခွဲသွားကြတာဖြစ်ပြီး အဲဒီထဲက တပ်စုတစ်ခုကို တောဗုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ဘန်းလမွတ်ရွာနဲ့ ရမ်းဖိုရွာ လမ်းတစ်လျှောက် ကင်းပုန်းဝပ်ခဲ့ပြီး ညနေ ၆ နာရီမှာတော့ ပြန်လည်ဆုတ်ခွါသွားတယ်လို့ သိရပါတယ်။

အပြန်လမ်းတစ်လျှောက် အသက် ၂၀ ကျော်အရွယ် ဘန်းလမွတ်ရွာသား ၄ ဦးကို လူသားဒိုင်းကာအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အမတ (၃၀၆) တပ်ရင်းအနီးရောက်မှသာ အဆိုပါအရပ်သား‌တွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

” တပ်ရင်းနားကနေ လေးဦးစလုံး ညဘက် လမ်းလျှောက်ပြန်လာရတယ်။ ” လို့ တောဗုံးကြီးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပြပါတယ်။

အဆိုပါ နေ့မှာပဲ ဘန်းပြည့်ရွာအနောက်ဘက်၊ဒေသအခေါ် အင်းချောင်းအနီးမှာလည်း စစ်ကောင်စီခြေလျင်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF) တပ်ဖွဲ့နဲ့ မြိတ်ခရိုင်တပ်ရင်း (၂) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ အထိအခိုက်အကျအဆုံးနဲ့ပတ်သက်ပြီး အတည်မပြုနိုင်‌သေးဘူးလို့ အဆိုပါပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ မြိတ်-တနင်္သာရီလမ်းမကြီးကို ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထုတ်ပြန်အသိပေးထားပါတယ်။

The Tanintharyi Times